ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ ရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီး

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဆုံးအစည်းအဝေးဖြစ်ပြီး ငါးနှစ်တာကာလအတွက် လုပ်ဆောင်ရန်လိုအပ်သည်များကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်တွင် မီဒီယာများ၏မေးမြန်းမှုအပေါ် မိမိအနေဖြင့် ပြန်လည်ဖြေကြားရာ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား ဦးစားပေးဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း၊ အလားတူ ပြည်သူများအား မှာကြားလိုသည်ကိုမေးမြန်းခဲ့ရာ မိမိအနေဖြင့် တိုင်းပြည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန် တိုက်တွန်းလိုပါသည် ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဆိုသည့် အချက်အပေါ်မူတည်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းရှိ ပြည်သူ ပြည်သားများအနေဖြင့် ၎င်းတို့၏အကျိုးကို ဖော်ဆောင်ပေးနိုင်မှုအပေါ် ကိုကြည့်၍ အစိုးရအဖွဲ့၏ တိုင်းပြည်အတွက် ဆောင်ရွက်မှုများကို ကြည့်ရှုကြခြင်းဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် အစိုးရအဖွဲ့ကို ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်အတွက် တာဝန်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် တစ်ဦးချင်း စီးပွားဘဝများတိုးတက်ရေး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပညာရေးနှင့်ကျန်းမာရေးသည် အရေးကြီးကြောင်း။

မိမိတို့နိုင်ငံ၏ပညာရေးကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီးကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေးမဆုံးရှုံးမီကာလက စနစ်တကျသင်ကြားသည့် ပညာရေးစနစ်အားနည်းခဲ့ကြောင်း၊ ထိုအချိန်တွင် အခြားနိုင်ငံများ၌ စနစ်တကျဖြင့်သင်ကြားသည့် ပညာရေးစနစ်ကို ကျင့်သုံးနေကြပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးပြီးချိန် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေရသဖြင့် ပညာသင်ကြားမှုများ အားနည်းချက်ရှိခဲ့ကြောင်း၊ အလားတူ လွတ်လပ်ရေးရရှိပြီးအချိန်တွင်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးပြဿနာများကြောင့် ပြည်သူများ ပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် ပညာရေးအားနည်းချက်များရှိခဲ့ကြောင်း။

ထို့ကြောင့် နောက်ပိုင်းတွင် ပညာမတတ်သူပပျောက်ရေးအတွက် “အ” သုံးလုံး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်တွင် ကျောင်းနေရာခိုင်နှုန်းမှာလည်း နည်းပါးခဲ့ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့်ပတ်သက်၍ အဆိုပါအချိန် ကတည်းက လူများစုပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ သို့သော် လူနည်းစုပညာရေးမှာ ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာအဆင့်မီသည့် ပညာရှင်များလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်သည့် ပါရဂူဘွဲ့ရရှိသူများအထိ များစွာရှိကြောင်း၊ အချို့ပါရဂူဘွဲ့များသည် ပြည်ပနိုင်ငံများမှရရှိခြင်းမဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သည့် ပါရဂူများဖြစ်ကြ ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက် ပြီး D.Sc ဘွဲ့ရရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် လူအများစုပညာရေးများ တိုးတက်လာစေရေးပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲ မှုများဆောင်ရွက်ပြီး မြှင့်တင်ပေးရန်လိုကြောင်း။

ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်း အခြေခံပညာမူလတန်းတက်ရောက်သင်ကြားမှုမရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရရှိခဲ့သည့် အချက်အလက်များအရ မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိသည်ကို တွေ့ရှိနိုင်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံး ပြုသွားမည်ဖြစ်ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေး ကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလ အတွင်း၂၀ ရာခိုင်နှုန်းအထိတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း။

ပညာရေးအားနည်းချက်များကြောင့် အသိပညာများအားနည်းပြီး ကျန်းမာရေးသည်လည်း အားနည်းသည်ကိုတွေ့ရကြောင်း၊ အလားတူ အတတ်ပညာများအားနည်းခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုအားနည်းပြီး ဝင်ငွေနည်းပါးကာ အာဟာရပြည့်ဝစွာစားသုံးနိုင်မှုမရှိသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းများကို ပြန်လည်ဆန်းစစ်ကြည့်ပါက အဓိကအားဖြင့် စီးပွားရေးတိုးတက်မှု အားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိခြင်းများမှ စတင်ခဲ့ သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြုပြင်ဆောင်ရွက် သွားကြရန်လိုကြောင်း။

အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျလုပ်ဆောင်နိုင် အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေးနှင့် ခံယူချက်များကောင်းမွန်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာစေရေး နှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း။

ခေတ်အဆက်ဆက်တွင် စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြသော်လည်း အချို့အခြေခံပညာကျောင်းများသည် သတ်မှတ်ထားသည့် အဆင့်အလိုက် စံချိန်စံညွှန်း‌များနှင့် ကိုက်ညီမှုမရှိကြသည်ကိုတွေ့ရကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအားလုံး သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ပေးမှုများကြောင့် လူငယ်များ၏ အခြေခံစိတ်ဓာတ်များ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကို အခြေခံပညာကျောင်းများမှ မွေးထုတ်ပေးသွားရန်လိုကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် အခြေခံပညာကျောင်းများမှစတင်၍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများ ဖြစ်ပေါ်လာသည့်အခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေ စိတ်ထား (Mindset) ကို မြင့်မားလာအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် ပြည်သူများအနေဖြင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်ရန်အတွက် နေ့စဉ်ဝင်ငွေများရရှိနေရန်လိုကြောင်း၊ အလားတူ ဒေသအလိုက် အသား၊ ငါးများကို ဖူလုံစွာဖြင့် ထုတ်လုပ်နေရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများ၊ တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်မြော်တွေးဆောင်ရွက်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးခန့်သည် ကျေးလက်တွင်နေထိုင် ကြကြောင်း၊ ထိုအထဲတွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်ရေထွက်ကုန်လုပ်ငန်းများကို လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ ဒေသတွင်းနိုင်ငံများတွင် မြင့်မားသည်ဟု ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ ထိုအထဲတွင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမွဲတေမှု ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးကို မြှင့်တင်ပေးရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးသွားရန်လိုကြောင်း။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိရေးအတွက် အခြေခံပညာအလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဘာသာရပ်များသင်ကြားရေးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၌လည်း လူသားအရင်းအမြစ် ကောင်းများ ရရှိရေးနှင့်ပတ်သက်၍ အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများရရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကို ပိုမိုတင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်း။          

စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သွင်းအားစုများတွင် လိုအပ်သည့်ရေများ လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့အကျိုး အတွက်ဆောင်ရွက်ရမည့် စီမံကိန်းကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ဖြင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် များစွာအရေးပါ ကြောင်း၊ အလားတူ သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်မှုများကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ရသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် MSME လုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက ဒေသတွင်း ကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့် MSME လုပ်ငန်းများသည် ပိုမိုတိုးတက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေးအတွက်လည်း သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်၊ ကောလိပ် အဆင့်မြှင့်တင်ခြင်းနှင့် တက္ကသိုလ်များ၊ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေနိုင်မည့် Quick Win များကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည်မှာ အလုပ်လုပ်ရန်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များအနေဖြင့်လည်း အလုပ်အကိုင်အခွင့် အလမ်းများကို ဖန်တီးပေးသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုဖြစ်ပေါ်စေနိုင်သည့် စက်မှုကုန်ထုတ်လုပ်ငန်းပင်ဖြစ် ကြောင်း၊ ဝါထွက်ကုန်များမှတစ်ဆင့် ဝါ၊ ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ အဆင့်ဆင့်သော အလုပ်အကိုင်အခွင့် အလမ်းနှင့် ကုန်ထုတ်လုပ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ အလားတူ သယံဇာတအများအပြားရှိပြီးဖြစ်သည့် ဝါး၊ ရော်ဘာတို့ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကောတို့အပါအဝင် ဥယျာဉ်ခြံထွက် သီးနှံများကိုလည်း မိမိတို့အနေဖြင့် အဆင့်မြင့်ကုန်ထုတ်သီးနှံများ အဖြစ်ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။

တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်ကျသည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသအတွက် လိုအပ်သည့် စားသောက်ကုန်များ ဖူလုံ စွာရရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းစားသုံးမှု ဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးဖူလုံရေးကို ဖော်ဆောင် ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သွားလာရေးခက်ခဲ သည့်ဒေသများသို့ ရောက်ရှိစဉ် ဒေသခံများနှင့်တွေ့ဆုံ၍ အသား၊ ငါးများဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဒေသတွင်း၌ မွေးမြူရေးလုပ်ငန်းများအား ပြင်ပမှတိရစ္ဆာန် အစာများဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြော‌င့်ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲတို့ကိုအခြေခံသည့် တိရစ္ဆာန်အစာများကိုထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ် တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေ မည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း ဖြစ်ကြောင်း။

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခေတ်နောက်ကျမကျန်ခဲ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံလူတန်းစားများ ပညာရည်မြင့်မားစေရေး၊ ပညာရည်မြင့်မားသူများအနေဖြင့် အိုင်တီနည်းပညာနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ်တွင် အားပေးထောက်ခံကြသူများရှိသကဲ့သို့ ဝေဖန်ထောက်ပြပြောဆိုမည့် အတိုက်အခံများသည်လည်း ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် အမှန်တကယ် ကြိုးပမ်း အလုပ်လုပ်ကြရန်၊ အဂတိကင်းစွာဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း။

တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြသည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှထွက်ရှိသည့် သစ်တောသယံဇာတများ၊ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းကိုရွေးချယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အစိုးရအဖွဲ့အနေဖြင့် ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ

ထို့နောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ နှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက် ၍ ပြောကြားရာတွင် “ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရ လွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့က ရက် ၁၀၀ လို့ သတ်မှတ်လိုက် ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက် ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနကပြောတဲ့ PDF နဲ့ ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်း နဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခ နယ်မြေတို့၊ တပခနယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေအများကြီးပဲရှိတယ်။ လပခကတော့ ပိုများတာပေါ့၊ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးတော့ ငြိမ်းချမ်းရေးအတွက်လာကြပါ။

EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြု တဲ့အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျွန်တော်နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါလက်မှတ်မရေးထိုး ထားတဲ့ အဖွဲ့ပေါ့။ မနက်ဖြန်ကျရင်လည်း ကျွန်တော်တို့ကြေညာ ချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒါလေးကြိုပြီး ကျွန်တော်ပြောပါတယ်။

နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့၊ လက်မှတ်ရေးထိုး ထားပြီးတော့မှ ဒီ ငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေ ရှိတယ်။ ဥပမာအားဖြင့် - KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကို ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက်လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက် ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ် ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက် တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထား တဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေ ရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံးချခံနေ ရလို့သာ ဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချမခံရအောင် နေကြဖို့ ပြောလိုပါတယ်ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေနှုန်းထား တိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊  ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့်ပတ်သက်၍ သုံးသိန်းအထိ လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံးစက်ကိရိယာချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးနှင့်ပတ်သက် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများအားလုံးကို တတ်နိုင်သရွေ့အဆင့်မြှင့်တင်ပေးသွား မည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင်ပေးသွား မည်ဖြစ်ကြောင်း၊ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်း ရထားလမ်း၌ လည်း တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရထားလမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မိုဘိုင်း စခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း၊ မိုဘိုင်း စခန်း ခု၌ 4G LTE အဆင့်သို့ မြှင့်တင်ပေး သွားမည်ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေး သွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာကျောင်း များတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဗလငါးတန် နှင့် ပြည့်ဝသည့် ကျောင်းများဖြစ်စေရေးအတွက် အခြေခံပညာ ကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့နှင့်ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေး ဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေးမြှင့်တင်မှုများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံး ဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေးအန္တရာယ်အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်း၏ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်သွားကြမည်ဟူသည့် စိတ်ဖြင့် ကြံစည်လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အထွေထွေဆွေးနွေးတင်ပြကြရာတွင် ပြည်ထောင်စု ဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြသည့် အမှာစာများ၊ MoU MoA စာချုပ်များ၊ တင်ဒခေါ်ယူခြင်းများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အသက် ၁၀ နှစ်ပြည့် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးမည့်အခြေအနေ၊ eID စာရင်းအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဧရာဝတီ မြစ်ဆုံ အသိပညာပေးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာ၌ အမှာစာများ တင်ပြရာတွင် အချက်အလက်များ ခိုင်ခိုင်မာမာ တင်ပြကြရန်လိုကြောင်း၊ တင်ဒါများခေါ်ယူရာတွင်လည်း သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ် နှင့် တိုင်းဒေသကြီးများကို ဦးစားပေးပြီး ထူထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအပြင် သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို ပြန်လည်ထူထောင် ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ကြောင့် ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာအဆောက် အအုံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျသုံးစွဲသွားကြရန်လိုကြောင်းမှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်