ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်မှုအား

ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်မှုအား


Ministry of Information/ Naypyitaw / February 10, 2022
image_latest


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများ မူလဖြစ်တည် နေထိုင်ခဲ့ရာ တောင်ပေါ်မြေပြန့်တို့ကို အစွဲပြု၍ တိုင်းရင်းသားဒေသများ သတ်မှတ်ထားသည်။ သို့ရာတွင် ပြည်ထောင်စုသားအားလုံး တို့သည် ကွဲပြားခြားနားခြင်းမရှိ အားလုံးအတူတကွ စုပေါင်းနေထိုင်ကြသည်။ ပြည်နယ်၊ တိုင်းဒေသများ သတ်မှတ်ထားသော်လည်း တိုင်းရင်းသားအားလုံး မခွဲခြားဘဲ ရောနှောနေထိုင်ကြသည်။ ဤသည်ပင် ပြည်ထောင်စု၏ အမှတ်လက္ခဏာဖြစ် သည်။

တိုင်းရင်းသားအသီးသီးတို့တွင် မြတ်နိုးဖွယ်ရာ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ ကိုယ်စီရှိကြသည်။ ယင်းတို့သည် အသွေးအရောင်စုံလင်သည့် ပြည်ထောင်စုပန်းဥယျာဉ်ကြီးနှင့် အလားသဏ္ဌာန်တူသည်။ မတူကွဲပြားသော အသွေးအရောင်စုံလင်သည့် ပြည်ထောင်စုပန်းများ ပွင့်လန်းဝေဆာလာအောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးရမည်ဖြစ်သည်။ တစ်မျိုးချင်းစီသော တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအား ပစ်ပယ်မထားဘဲအစဉ်ရှင်သန်နေအောင် အလေးထားရွက်ဆောင်ပေးကြရမည် ဖြစ်သည်။

ပြည်ထောင်စုသားများအား အလေးထားရာ၌ တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် နေ့တစ် နေ့ကို သတ်မှတ်ကြသည်။ ထိုနေ့သည် နှစ်စဉ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စု နေ့ဖြစ်သည်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကြောင့် နယ်ချဲ့ဗြိတိသျှတို့က သွေးကွဲအောင် အမျိုးမျိုးသွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်မှုကို အထင်အရှား ပြသသည့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့် နယ်ချဲ့တို့သည် တိုင်းရင်းသားလူမျိုးအသီးသီး၏ သွေးစည်းညီညွတ်မှုအင်အားကို အလေးဂရုပြုရသည်။ ပြည်ထောင်စု စိတ်ဓာတ်ကို လေးစားလာရသည်။

ထို့နောက် မြန်မာနိုင်ငံအား မလွှဲမရှောင်သာတော့ဘဲ လွတ်လပ်ရေးပေးခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက တိုင်းရင်းသား စည်းလုံး ညီညွတ်မှု၊ တိုင်းရင်းသားများ၏ အင်အားမှာ အရေးပါသလို လွတ်လပ်ရေးရရှိပြီးနောက် ရရှိပြီးသောလွတ်လပ်ရေးကို ခိုင်မြဲ အောင်ဆောင်ရွက်ရာ၌ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် အရေးကြီးသည်။ ထိုစည်းလုံး ညီညွတ်မှုအင်အားကို မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ တပေါင်းတစည်းတည်းရှိနေကြောင်းကို သက်သေပြခဲ့သည့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်မှုအား အထူးထုတ်ဖော်ပြသ လျက်ရှိသည်။ ပြည်ထောင်စုသားအားလုံးကို အလေးထားဂုဏ်ပြုလျက်ရှိသည်။

ယခုနှစ် ၂၀၂၂ ခုနှစ် ပြည်ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဖြစ် သည်။ လာမည့် ၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ထူးခြားလေးနက်မှုကို ဆောင်ကြဉ်းသည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်လျက်ရှိနေကြောင်း အထူးသက်သေပြ ကြရမည်ဖြစ်သည်။ ထူးခြားလေးနက်သည့် ယခုနှစ်ကာလမှစတင်၍ တိုင်းရင်းသားများ စည်းလုံးညီညွတ်ကြကြောင်း အလေးအနက်ဖော် ဆောင်မည့် ထာဝရငြိမ်းချမ်းရေးရရှိရေးကို စတင်ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။

ယခုနှစ် စိန်ရတုပြည်ထောင်စုနေ့ကာလတွင် ယခင်နှစ်များနှင့်မတူသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထုတ်ဖော်ပြသည့် ပြည်ထောင်စု အမှတ်လက္ခဏာများကို ပြုလုပ်လျက်ရှိသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ စိန်ခေါ်မှုများ ကြားမှ ပြည်ထောင်စုကြီး သွေးစည်းညီညွတ်မှုကို ဖော်ဆောင်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းရင်းသားအားလုံးကို အလေးအနက်ဂရုပြု တန်ဖိုးထားထုတ်ဖော်ပြသနိုင် သည့် စိန်ရတုပြည်ထောင်စုနေ့တွင် အမှန် တကယ်ထူးခြားအောင် ဆောင်ကြဉ်းရမည်ဖြစ်သည်။

ပြည်ထောင်စုသားများအားလုံးအား တန်ဖိုးထားလေးစားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်အပေါ်တွင် အခြေခံပါသည်။ ပြည်ထောင်စုသား များ စည်းလုံးညီညွတ်မှု၊ ပြည်ထောင်စုသားများ၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေခြင်းဖြစ် သည်။ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးလာလျှင် ပြည်ထောင်စုကြီး အန္တရာယ်ရှိလာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စု သားများ၏ စည်းလုံးညီညွတ်မှုအားများဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်

HOT NEWS
January 4,