ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက် ဒုတိယ ရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၀၉/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက် ဒုတိယ ရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၀၉/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
Ministry of Home Affairs/ နေပြည်တော် / January 29, 2023
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၀၉/၂၀၂၂) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးခဲ့ပြီး ဒုတိယ ရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သိန်းမြင့်ဇော်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ဖြိုးဝေ၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နှင်းနှင်းခိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သိန်းမြင့်ဇော်၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေ တို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အမှာစကား ပြောကြားရာတွင် သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင် ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှု အရည်အသွေးများကို ကောင်းစွာသိရှိနားလည်ပြီး အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုများ ဆောင်ရွက်ရာတွင် စည်းကမ်းတကျလုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်အား ပြောင်းလဲလာသည့် ခေတ်စနစ် များနှင့်အညီ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးအပြင် နယ်စပ်ဒေသများ၌လည်း လုံခြုံရေး တာဝန်များ ဆောင်ရွက်နေခြင်းဖြစ်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့်နာခံတတ်သည့် စိတ်ဓာတ်များရှိဖို့လိုအပ်ကြောင်း။ ရပ်ရွာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအတွင်း မှုခင်းအသိပညာပေး လုပ်ငန်းများ ကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမြစ်ပြတ်သည်အထိတိုက်ဖျက်ကာ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်ကောင်းအနေဖြင့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာ စောင့်သိမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှုစသည့် အရည်အချင်း(၅)ရပ်နှင့်ပါ အစဉ်ပြည့်ဝ နေရန်လိုအပ်ပြီး ရဲလုပ်ငန်းများအား နှံ့စပ်ကျွမ်းကျင်ရမှာဖြစ်သည့်အပြင် ဥပဒေလုပ်ထုံး လုပ်နည်း များ ဆက်လက် လေ့လာရန်နှင့် အင်္ဂလိပ်စာနှင့်အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်၊ နည်းပညာဆိုင်ရာ ပညာရပ်တွေကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် လေ့လာ၊ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေခြင်းဖြစ်ရာ “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward To Achieve Our Goal)ဆိုသည့်အတိုင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ကျရာ ကဏ္ဍအလိုက် အားကြိုးမာန်တက် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း (၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင်အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏အခြေအနေကို တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အမျိုးသမီးရဲအရာရှိငယ်များ အနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များအား အခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို စောင့်ထိန်းလိုက်နာ၍ ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို သိရှိနားလည်ကျွမ်းကျင်ပြီး အဂတိတရား ကင်းရှင်းစွာနှင့် နည်းစနစ်တကျမှန်ကန်စွာ ထမ်းဆောင်သွားကြရန်လိုအပ်ကြောင်း စသည်ဖြင့် တိုက်တွန်းမှာကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ်(၂)(လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၀၉) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၁၂၂ ဦး၊ တပ်ပြင်ဘွဲ့ရအမျိုးသမီး ၁ ဦး စုစုပေါင်း ၃၄၂ ဦးတို့ကို သင်တန်းဆင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။