ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၅/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၅/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / December 29, 2023

နေပြည်တော် ဒီဇင်ဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စီစီခိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ညီညီဇင်နှင့် ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့် သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့အား အလေးထားအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊
ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြတာဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုံခြုံရေးကျိုးပေါက်မှုများ မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကျတာကြောင့် ပြည်သူလူထုအတွင်း ကိုယ်ချင်းစာတရား၊ စေတနာတို့ထားရှိကာ ကောင်းမွန်သောဝန်ဆောင်မှုဖြင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြရန်နှင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊
ရဲတပ်ဖွဲ့ဝင်တိုင်း စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမှုဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာနေဖို့လိုအပ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့်လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေးလိုအပ်သည့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် နေရမှာဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်နေမှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကားအပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်၊ နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများ အနေဖြင့်လည်း မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်မှာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့ ဘဝနှင့်ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သင်တန်းကျောင်းများက သင်ကြားလေ့ကျင့်ပေးမှုများနှင့် ကိုယ်တိုင်အားထုတ်မှုများက ရရှိလာတဲ့ လေ့လာ၊ လေ့ကျင့်မှုများကို သင်တန်းကာလအတွက်သာမဟုတ်ဘဲ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးသွားကြရန် အလေးနက်ထား မှာကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များမှလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်းပါဝင်သွားကြရန် လိုအပ်ကြောင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့်အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းစသည်ဖြင့် တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ဗဟိုမီးသတ်သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၅) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၁၉၉)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး (၁၄၂)ဦး စုစုပေါင်း (၃၄၁)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

