ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်မှု
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်မှု
Ministry of Home Affairs/ Naypyitaw / July 30, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၌ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန် ရည်ရွယ်၍ ၁၂-၅-၂၀၂၅ ရက်မှ ၁-၈-၂၀၂၅ ရက်အထိ ရက်သတ္တပတ် ၁၂ ပတ်ကြာ စုဖွဲ့လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ဦးတို့သည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါလေ့ကျင့်ဆောင်ရွက်မှုကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ငလျင်ဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက အဆောက်အအုံပြိုကျပျက်စီးမှုများတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာမြို့ပြရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များနည်းတူ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ ရင်ပေါင်တန်း ဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီးဌာနတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ကို အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group-INSARAG) ၏ စံချိန်စံညွှန်း သတ်မှတ်ချက် များနှင့်အညီ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းစနစ်များဖြစ်သည့် ပြိုကျနံရံများ ဒေါက်ထောက်ခြင်းနည်းစနစ်(Shoring Techniques)၊ ကြိုးအသုံးပြု၍ ထမ်းစင်ချ ကယ်ဆယ်ရေးနည်းစနစ် (Rope Rescue Techniques)၊ အခန်းတွင်းပိတ်မိနေသူများအား နံရံထွင်းဖောက်ဖြတ်တောက်ကယ်ဆယ်ခြင်းနည်းစနစ်(Breaking and Breeching Techniques) များကို လက်တွေ့လေ့ကျင့်ပြသခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။
အဆိုပါငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေးလေ့ကျင့်ခန်းများ သရုပ်ပြသခြင်းအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။