ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / February 01, 2026


     ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရုံးအမှတ်(၃၈)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လ ရာသီပွဲတော်များ၌ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးမြတ်သော ရိုးရာပွဲတော် တစ်ခုဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရှေးထုံးတမ်းအစဉ်အလာ ရိုးရာပွဲတော်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း မှာကြားသည်။

     အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့က ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်အသင်းများက အားကြိုး မာန်တက်ယှဉ်ပြိုင်ကာ ဝန်ထမ်းများကလည်း အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးကြသည်။

     ထို့နောက် ထမနဲထိုးပြိုင်ပွဲ၌ ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။