ပြည်သူများကျန်းမာစွာနေထိုင်နိုင်ရေး သုတေသနရလဒ်များကို အကျိုးရှိရှိအသုံးချ
ပြည်သူများကျန်းမာစွာနေထိုင်နိုင်ရေး သုတေသနရလဒ်များကို အကျိုးရှိရှိအသုံးချ
Ministry of Information/ Naypyitaw / January 23, 2025
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပလျက်ရှိရာ “ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများ စဉ်ဆက်မပြတ် ဖော်ထုတ်ဖြေရှင်းကြပါစို့” ဆိုသည့် ညီလာခံဆောင်ပုဒ်အတိုင်း လူတိုင်းကြုံတွေ့နေရသည့် ကျန်းမာရေးပြဿနာများကို ညီလာခံမှပေါ်ထွက်လာ မည့်ရလဒ်များဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများမှ ပေါ်ထွက်လာမည့် ခိုင်မာတိကျသည့် ရလဒ်အခြေပြုသုတေသနတွေ့ရှိချက်များသည် နိုင်ငံအတွက် ခေတ်နှင့်လျော်ညီသင့်တော်သည့် ကျန်းမာရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရေး၊ ကျန်းမာရေးလုပ်ငန်းများကို ပိုမိုထိရောက်အကျိုးရှိအောင် ဆောင်ရွက်နိုင်စေရေးစသည့် လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်သည်။ အထူးသဖြင့်လက်ရှိကာလတွင် ပြည်သူလူထုကြား၌ ဖြစ်ပေါ်နေသော မကူးစက်တတ်သည့်ရောဂါများ၏ အန္တရာယ်နှင့် အရေးကြီးလာပုံတို့ကို မီးမောင်းထိုးပြနိုင် ရန်ရည်ရွယ်ပြီး ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ကျင်းပနေခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်က ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအချိန်တွင် ထပ်မံဦးမော့လာနိုင်သည့် မကူးစက်တတ်သည့်ရောဂါများကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ဆေးသုတေ သနဦးစီးဌာနတို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ မကူးစက်တတ်သောရောဂါများ၏ ဖြစ်နိုင်ခြေ “စစ်တမ်းကောက်လေ့လာခြင်းသုတေသန-၂၀၂၄” ကို STEP SURVEY ဖြင့် ဆောင်ရွက်လျက်ရှိသည်။
တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ လက်တွေ့အသုံးချသုတေသနများမှတစ်ဆင့် ပြည်သူများ လက်တွေ့အကျိုးရှိစေရန်နှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးပညာရပ်ဖြင့် တိုင်းရင်းဆေးဝါးထုတ်ကုန်များကို ပြည်တွင်း၌ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရေးနှင့် နိုင်ငံတကာသို့ ထိုးဖောက်ဖြန့်ချိနိုင်ရန်အတွက် တိကျခိုင်မာသည့် သုတေသနပြုထားသော အချက်အလက်များ ပိုမိုရရှိရေးအတွက်လည်း တိုင်းရင်းဆေးပညာရှင်ကြီးများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တိကျမှန်ကန်သည့် သုတေသနရလဒ်များအပေါ်မူတည်၍ ကျန်းမာရေးစီမံချက်များချမှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ အလားတူ အခြားကဏ္ဍများတွင်လည်း သုတေသနရလဒ်များဖော်ထုတ်ပြီး နိုင်ငံနှင့် ပြည်သူကို အကျိုးပြုလျက်ရှိသည်။
“ကျွန်တော်တို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုသည့် စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့စိတ်ရှိတဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေများစွာ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး ကျင့်ဝတ်နဲ့အညီ သုတေသနပြုလို စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေ မိမိနိုင်ငံမှာ များစွာပေါ်ပေါက်လာပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်တို့ တိုးတက်ဖြစ်ထွန်းရှင်သန်လာစေဖို့ ဆောင်ရွက်ရာမှာ သုတေသနဆိုင်ရာ အကြံပေးအဖွဲ့များကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းခြင်း၊ သုတေသနကျင့်ဝတ်ဆိုင်ရာ ဘုတ်အဖွဲ့များကိုလည်း လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းခြင်းတွေကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းဖြင့် ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် အခြေခံကျန်းမာရေးကောင်းမွန်ပြီး ရောဂါကင်းဝေး သက်ရှည်ကျန်းမာစွာနေနိုင်ရေးကို လိုလားကြသည်။ ထိုသို့နေထိုင်နိုင်ရေးအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုမူနေထိုင်ရေး၊ မှန်ကန်ကောင်းမွန်သည့် ဆေးဝါးကုသမှုခံယူနိုင်ရေး စသည်တို့နှင့်ပတ်သက်၍ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနပြုမှုများကို တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်များကို လက်တွေ့ကုသမှုနယ်ပယ်များတွင် လည်းကောင်း၊ ပြည်သူများအား ကျန်းမာရေး အသိအမြင်ဗဟုသုတများရှိစေရေး၌ လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိပေးပြီး ကျန်းမာရေးအသိပညာများ မျှဝေပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အများပြည်သူအကျိုးကိုရှေးရှုပြီး ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာစေရေး၊ အခြေခံကျန်းမာရေးကောင်းမွန်စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကူးစက်ရောဂါများနှင့်မကူးစက် တတ်သောရောဂါများ၏ ဖြစ်ပွားတတ်သည့် သဘောသဘာဝများကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်တွေ့အသုံးချသုတေသနများ၊ တိုင်းရင်းဆေးပညာဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနှင့်သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းလက်တွဲပြီး တိုးမြှင့်ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။