ပြည်သူ့အကျိုးစီးပွား တည်ဆောက်ပြုပြင် လမ်းနှင့်တံတား

ပြည်သူ့အကျိုးစီးပွား တည်ဆောက်ပြုပြင် လမ်းနှင့်တံတား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
image_latest


ရန်ကုန် အောက်တိုဘာ ၂၉

ဆောင်းအကြိုကာလဖြစ်၍ ရန်ကုန်မြို့တော်ကြီး၏ နံနက်ခင်းစောစောမြင်ကွင်းမှာ အေးချမ်းသာယာလှပနေသည်။

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတည်ထားရာ သိင်္ဂုတ္တရကုန်းတော်ဆီတွင် အရုဏ်ဦးရောင်ခြည်များ သန်းနေပုံမှာ အရောင်အသွေးစုံလှသည့် ပန်းချီကားကြီးတစ်ချပ်ပမာ။

ယင်းကာလတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်စွာ ဖူးမြော်ရလေသည်။ မြန်မာနိုင်ငံမှ မုတ်သုံလေ လုံးဝဆုတ်ခွာသွားပြီဖြစ်၍ အစားထိုးဝင်ရောက်လာသော ဆောင်းဦးမြောက်ပြန်လေသည် ရင်ကို တစ်ချက်တစ်ချက် အေးမြသွားစေသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန သတင်းအဖွဲ့သည် နံနက်စောစောကတည်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရှိစုရပ်တွင် အသင့်ရောက်ရှိနေကြသည်။

ယင်းနေ့ နံနက်ခင်းခရီးစဉ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အလုံလမ်းနှင့် ပြည်လမ်းမီးပွိုင့်မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအထိ ရန်ကုန်-ပြည်လမ်းတစ်လျှောက် မြို့တော်ကြီး၏ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး မည့် ခရီးစဉ်ဖြစ်သည်။

ဦးစွာ ပြည်သူ့ရင်ပြင်မှ စတင်ထွက်ခွာခဲ့ကြရာ ပြည်သူ့ရင်ပြင်ရှေ့တွင် ပြည်လမ်းမကြီး ဘေးဝဲ/ယာကတ်တုံးများနှင့် လမ်းလယ်ကျွန်းကတ်တုံးများကို အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ဝန်ထမ်းများက သတ်မှတ်ထားသည့် ဖြူနီကျားနှင့် အခြားသတ်မှတ်ထားသည့် လမ်းအမှတ်အသားများ ထင်ရှားပေါ်လွင်စေရန် ဆေးကြောသန့်စင် အရောင်ဖွင့်ပေးနေကြသည်ကို တွေ့ရှိရသည်။

ထို့နောက် မြေနီကုန်းတံတားကို ဖြတ်ကျော်လာစဉ် အလားတူ လမ်းဘေးကတ်တုံးများနှင့် လမ်းလယ်ကျွန်းကတ်တုံးများ ဆေးကြောသန့်စင်ပေးနေကြသည်ကို တွေ့မြင်ရပြန်သည်။

ထို့ပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် တည်ဆောက်ပေးထားသော ပြည်လမ်းမကြီးတစ်လျှောက် ခုံးကျော်တံတားများအနက် မဟာမြိုင် ခုံးကျော်တံတားကိုလည်း တွေ့မြင်ရသည်။

ဟံသာဝတီအဝိုင်း

မကြာမီတွင် ဟံသာဝတီအဝိုင်းကို ရောက်ရှိလာရာ ဟံသာဝတီအဝိုင်းသည် လမ်းမကြီးလေးခုဆုံရာဖြစ်၍ ရှေးမူမပျက် မူလအဝိုင်းအတိုင်းသာ ဆက်လက်ထားရှိပြီး အဝိုင်းပေါ်တွင် ရောင်စုံရွက်လှပန်းများဖြင့် စိုက်ပျိုးအလှဆင် ပုံဖော်ထားရုံသာမက အဝိုင်း၏အလယ်ဗဟိုတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရွှေရောင်တဝင်းဝင်းနှင့် ဆွမ်းအုပ်ကြီး တည်ထားပုံမှာ ရန်ကုန်မြို့တော်၏ ဂုဏ်ယူဝင့်ကြွားစရာ ပြယုဂ်တစ်ခုဖြစ်သည်။

ရှေ့တွင် မကြာမီဖြတ်သန်းတော့မည့် ယခင်ကမာရွတ်အဝိုင်းကြီးတွင်မူ ခေတ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ခေတ်မီခုံးကျော်တံတားကြီးနှင့် ဒစ်ဂျစ်တယ်အချက်ပြမီးပွိုင့်များဖြင့် အစားထိုး တည်ဆောက်ပြုပြင်ထားသည်။

ကမာရွတ်အဝိုင်းသည် ရန်ကုန်-ပြည်လမ်း၊ ရန်ကုန် - အင်းစိန်လမ်း၊ လှည်းတန်းလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းစသည့် လမ်းမကြီးငါးခုဆုံရာဖြစ်၍ ယနေ့ တိုးပွားလာသည့် မြို့တော်လူဦးရေနှင့် များပြားလာသည့် ယာဉ်စီးရေအတွက် အချိန်မကြန့်ကြာဘဲ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက် ကြိုတင်တွက်ဆဆောင်ရွက်ပေးထားသည့် နိုင်ငံတကာအဆင့်မီ လမ်းပန်းဆက်သွယ်ရေးစနစ်တစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။

အင်းလျားကန်အလှ

ထိုမှလွန်သော် ရန်ကုန်စီးပွားရေးတက္ကသိုလ်ထောင့် မီးပွိုင့်ကို ဖြတ်သန်းလိုက်ချိန်တွင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ပြုပြင်ထိန်းသိမ်းထားသော မြေထိန်းနံရံကြီးနှင့် ရန်ကုန်မြို့ ဂုဏ်ဆောင် အင်းလျားကန်အလှကို တွေ့မြင်ရသည်။ အင်းလျားကန်အလှကို မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သာမက ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ အင်ဂျင်နီယာဌာန (ရေစီးရေလာ) စသည့် ဌာနများကပါ ပူးပေါင်းတာဝန်ယူကာ ထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိသည်။

ထို့ကြောင့်လည်း ကန်ပေါင်ပေါ်ရှိ ကွန်ကရစ်လျှောက်လမ်းမကြီးပေါ်တွင် နံနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်သူများ၊ လေ့ကျင့်သူများ၊ တေးသွားနှင့်အညီ စုပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်နေသူများဖြင့် နေ့စဉ် စည်ကားလျက်ရှိသည်။ ထို့ပြင် အသင့်တပ်ဆင်ပေးထားသော ခေတ်မီအားကစားလေ့ကျင့်ရေး ကိရိယာများတွင်လည်း လူကြီး၊ လူငယ်၊ ကျား၊ မအစုံ လေ့ကျင့်လှုပ်ရှားလျက်ရှိကြသည်။

မကြာမီတွင် အင်းလျားလေးစခန်း ရှေ့သို့ ဖြတ်သန်းနေကြသည်။

ရှေးယခင်ကရှိခဲ့သည့် အင်းလျားကန်ကြီးကိုဖြတ်ကာ ရန်ကုန်-ပြည်လမ်းမကြီးကို ဖောက်လုပ်ခဲ့ရာ လမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင် အင်းလျားကန်ကြီး လှပစွာဆက်လက်တည်ရှိနေပြီး လမ်းမကြီးအနောက်ဘက်ခြမ်းတွင် အင်းလျားကန်ငယ်ကလေးတစ်ခု ဖြစ်ပေါ်လာ၍ အင်းလျားလေးဟု အမည်တွင်ခဲ့သည်။

ယခုအခါ အင်းလျားကန်ကြီးနှင့် အင်းလျားလေးနှစ်ခုစလုံး၏ ကန်ရေပြင်များ အစဉ်သန့်ရှင်းကြည်လင်နေစေရန် ဆိုလာစနစ်သုံး လျှပ်စစ်ရေပန်းများ တည်ဆောက်ပေးထားသည်။

ထို့ပြင် လှိုင်တက္ကသိုလ်နယ်မြေ ကန်ပေါင်ပတ်လည်တွင် ကျောင်းသား ကျောင်းသူများအပါအဝင် အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဘေးကင်းလုံခြုံစေရေးအတွက် လူသွားလမ်းများ ဖော်ထုတ်ပေးခြင်း၊ မူလပါရမီလမ်းမကြီးကို ချဲ့ထွင်တည်ဆောက်ပေးခြင်း၊ လမ်းဘေးပလက်ဖောင်းတစ်လျှောက် LED လျှပ်စစ်မီးတိုင်များ တပ်ဆင်ပေးထားခြင်းနှင့် ကြည်နူးသာယာဖွယ်ရှုခင်းများ ပေါ်ပေါက်လာစေရန် Royal Palm ခေါ် တော်ဝင်အုန်းပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးပုံဖော်ပေးထားခြင်းတို့ကိုလည်း တွေ့ရသည်။

ရှစ်မိုင်ခုံးကျော်တံတားကို ဖြတ်သန်းပြီး မကြာမီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းဆုံမီးပွိုင့်သို့ ရောက်ရှိလာကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဧည့်သည်များ ရောက်ရှိလာကြပြီး လေဆိပ်မှ ရန်ကုန်မြို့တွင်းသို့ ထွက်ခွာလာချိန်တွင် အဆိုပါမီးပွိုင့်သို့ ရောက်ရှိချိန်၌ ဦးစွာမြင်တွေ့လိုက်ကြရမည်မှာ “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် Digital LED ရောင်စုံလျှပ်စစ်မီး ကြိုဆိုရေး ဆိုင်းဘုတ်ကြီးပင်ဖြစ်သည်။

အဆိုပါ ဆိုင်းဘုတ်ကြီးကို မြင်တွေ့ကြပြီးနောက် လမ်းဘေး/ဝဲယာတစ်လျှောက် မြင်ကွင်းများကြောင့်လည်း ရန်ကုန်မြို့တော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော်ထားသော GREEN CITY, CLEAN CITY, SMART CITY ဟူသော ဂုဏ်ပုဒ်များနှင့် ညီညွတ်ပါပေသည်ဟု မှတ်ချက်ပြုကာ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းထားသော သာယာလှပသည့် မြို့တော်ကြီးအဖြစ် စွဲမက်သွားကြမည်သာဖြစ်သည်။

ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် ဂုဏ်ယူစရာပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ယင်းဂုဏ်ပုဒ်များအညီ အစဉ်တည်တံ့စေရန် ပြည်သူများကလည်း ပါဝင်ပူးပေါင်းထိန်းသိမ်းကြရန် လိုအပ်ပေသည်။

ထိုမီးပွိုင့်မှလွန်ပြန်သော် ရန်ကုန်မြို့၏ တစ်ခုတည်းသော ပွဲရုံနယ်မြေကြီးဖြစ် သည့် စော်ဘွားကြီးကုန်း ပွဲရုံကြီးများ တည်ရှိရာနယ်မြေကို တွေ့ရသည်။

ရန်ကုန်မြို့တွင် အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တစ်နေရာတည်းတွင် အစုံအလင်ရရှိနိုင်သည့် ပွဲရုံကြီးများ တည်ရှိနေသည်။

ထို့ကြောင့် ပွဲရုံနယ်မြေအတွင်း နေ့စဉ်လှုပ်ရှားသွားလာနေကြသော ကုန်တင်ယာဉ်ကြီးများအပါအဝင် ယာဉ်ကြီး ယာဉ်ငယ်အသွယ်သွယ်အတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ကောင်းမွန်စေရန် ရန်ကုန်မြို့တော်စည်ပင်က နေ့စဉ်ပြုပြင်ထိန်းသိမ်းပေးလျက်ရှိသည်။

မကြာမီတွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံမီးပွိုင့်သို့ ရောက်ရှိလာသည်။

အဆိုပါ မီးပွိုင့်သည်လည်း အရေးပါသည့် မီးပွိုင့်ကြီးတစ်ခုဖြစ်သည်။ ရန်ကုန်- ပြည်လမ်းမကြီးနှင့် ရန်ကုန်အရှေ့မှ အနောက်သို့ မြို့သစ်များကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးများ ဆုံရာဖြစ် သည်။ သို့ဖြစ်၍ ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုမဖြစ်စေရန် ခေတ်မီမီးပွိုင့်စနစ်ဖြင့် ထိန်းသိမ်းပေးထားသည်ကို တွေ့ရသည်။

စက်ဘီးလမ်းများ ထည့်သွင်းတည်ဆောက်

ထို့ပြင် ရန်ကုန်-ပြည်လမ်းမကြီးတစ်လျှောက် လိုအပ်သည့်နေရာတိုင်းတွင် ယခင်ကမရှိခဲ့သည့် စက်ဘီးလမ်း (Bike Lane) များကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားသည်ကို တွေ့မြင်ရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်နေပြည်သူများ မွေးဖွားသည်မှ ကွယ်လွန်သည်အထိ ဝန်ဆောင်မှုပေးနေသော ဒေသဆိုင်ရာအဖွဲ့အစည်းကြီးဖြစ်သည်။

ပြည်သူများ ဘေးကင်းလုံခြုံရေး၊ လမ်းပန်းဆက်သွယ်သွားလာမှု လွယ်ကူစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအခွင့်အလမ်းများကို ကြိုတင်မျှော်မှန်းကာ အစဉ်အလေးထား ဆောင်ရွက်ပေးလျက်ရှိ သည်။

ထို့ပြင် ရန်ကုန်မြို့တော်သည် နိုင်ငံတော်၏ စီးပွားရေးမြို့တော်ဖြစ်ရာ လမ်းတံတားများ၊ မြေအောက်ဥမင်လမ်းများ၊ လူသွားစင်္ကြံလမ်းများ၊ နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများ၊ ရေထုတ်ပြွန်များ၊ စက်ဘီးလမ်းများ စသည်တို့အပါအဝင် လမ်းနှင့် တံတားတည်ဆောက်ပြုပြင်ရေးလုပ်ငန်းများကို တစ်နှစ်ပတ်လုံး ရာသီအလိုက် တည်ဆောက်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။

ယင်းနောက် ထောက်ကြန့်လမ်းဆုံသို့ ရောက်ရှိလာခဲ့သည်။ ထောက်ကြန့်လမ်းဆုံမီးပွိုင့်သည် ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မန္တလေးလမ်း (ယခုအမြန်လမ်းမကြီးနှင့် ယခင်လမ်းဟောင်း)တို့အတွက် အချက်အချာ မီးပွိုင့်ကြီးဖြစ်သည်။

မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မီးပွိုင့် ၃၃၃ ခု အနက် ယခုအခါ ဆိုလာစနစ် ၂၀၀ အထိ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာစနစ် ၂၀၀ ထဲတွင်လည်း ရန်ကုန်-ပြည်လမ်းမ ကြီးပေါ်ရှိ ၁၉ ခု ပါဝင်သည်။

ထိုသို့ စဉ်းစားကြည့်နေစဉ် မီးပွိုင့် စိမ်းသွား၍ ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာကြတော့သည်။ ။

သတင်းဆောင်းပါး - မြတ်စိုး (လှိုင်)

ဓာတ်ပုံ-စောသိန်းဝင်း (မြို့တော်သတင်း)

HOT NEWS
January 4,