ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀) မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀) မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


The Supreme Court of the Union/ Nay Pyi Taw, / February 06, 2026


နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀) မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးတို့ကို နိုင်ငံတော်မှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ တရားရုံးများအနေဖြင့်လည်း တရားစီရင်ရာမှာ ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ယင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးအားလုံးက လိုက်နာစစ်ဆေး စီရင်ကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင် စစ်ဆေးသည့်အမှုများ၊ ဘဏ်များကစွဲဆိုသည့်အမှုများကိုလည်း ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန် စွာ စစ်ဆေးစီရင်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာ သိမ်း သက်သေခံယာဉ်များကို သတ်မှတ်အချိန်ကာလအတွင်း အပ်နှံကြရန်နှင့် ကြန့်ကြာမှု မရှိစေရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်ရလဒ် ပိုမိုထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စေ့စပ်ဖြေရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေးမှု Raising Awareness များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း၊ ထို့အတူ မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် မူပိုင်ခွင့်ဆိုင်ရာ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ၊ လူမွဲခံယူခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာသဘောတူ စာချုပ်များ ကိုလည်း နားလည်ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာမှတ်သားကြရန်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီနေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို လေ့လာသိရှိနားလည်ထားကြရန်လိုကြောင်း၊ သို့မှသာ နည်းပညာကိစ္စရပ် များနှင့်စပ်လျဉ်းသည့် မှုခင်းများမှာ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း၊ ထို့ပြင် ဖြစ်ပေါ်တိုးတက်ပြောင်းလဲ နေသည့် ကမ္ဘာ့အခြေအနေများနှင့်အညီ နိုင်ငံတကာနှင့် ဒေသတွင်း တရားစီရင်ရေးများနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ တရားရုံးများလက်စွဲ အပိုဒ် ၉၉၇ အရ တရားရုံးများစစ်ဆေးခြင်းကိုလည်း မပျက်မကွက်ပုံမှန်စစ်ဆေးသွားကြရန်နှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အခါအားလျော် စွာ စစ်ဆေးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၆) တွင် ချမှတ်ထားသည့် လုပ်ငန်း အစီအစဉ်များ အောင်မြင်အောင် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး ထိမ်းမြားလက်ထပ်ပေးသည့်ကိစ္စများမှာ မြန်မာ နိုင်ငံရှိ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရေး၊ အလွယ်တကူ လက်ထပ် ထိမ်းမြားပေးခြင်းဖြင့် မလိုလားအပ်သော လူကုန်ကူးမှုကဲ့သို့ ဥပဒေပြဿနာများ ပေါ်ပေါက်လာ နိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိမ်းမြားလက်ထပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို ပြည့်စုံမှုရှိ-မရှိ သေချာစွာစိစစ်ပြီး ဆောင်ရွက်ကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ဝိနည်းနှင့်အညီ ထိမ်းမြားလက်ထပ်ရာတွင် လည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက် တရားရုံးအဆင့်ဆင့်တို့မှာ ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၄၉၆၃) မှု၊ လက်ခံ ရရှိမှု (၂၉၆၄၆၉) မှုဖြစ်ပြီး (၃၀၀၈၂၈) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၂၀၆၀၄) မှု ကျန်ရှိ ကြောင်း၊ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၂၉၂၉၉) မှု၊ လက်ခံရရှိမှု (၃၆၈၁၅) မှု ဖြစ်ပြီး (၄၁၅၆၃) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၂၄၅၅၁) မှု ကျန်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၃၃၃၈၂၄) မှု လက်ခံရရှိပြီး (၃၄၂၃၉၁) မှု စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၁၀၃% ဖြစ်ကြောင်း၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၏ အမှုပြီးပြတ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်မှ ၆ ရက် အထိ ကျင်းပမည်ဖြစ်သည်။