ဖြူးချောင်းရေလှောင်တမံမှ မဟာဓာတ်အားလိုင်းသို့ တစ်ရက်လျှင် ၄၀ မဂ္ဂါဝပ် ပို့လွှတ်လျက်ရှိ

ဖြူးချောင်းရေလှောင်တမံမှ မဟာဓာတ်အားလိုင်းသို့ တစ်ရက်လျှင် ၄၀ မဂ္ဂါဝပ် ပို့လွှတ်လျက်ရှိ


Ministry of Information/ Naypyitaw / October 09, 2025
image_latest


ရန်ကုန် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တည်ရှိသည့် ဖြူးချောင်းရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံမှ မဟာဓာတ်အားလိုင်းသို့ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပို့လွှတ်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဖြူးချောင်းရေလှောင်တမံသည် ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြီး အမြင့် ၂၄၅ ပေ၊ အရှည်ပေ ၁၀၂၀ ရှည်လျားကာ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၆၃၂၅၃၀ သိုလှောင်နိုင်ပြီးလက်ရှိတွင် ရေလှောင်တမံသည် ကန်ရေပြည့်ရေလှောင်ပမာဏသို့ ရောက်ရှိနေကာ ရေကင်းအဖွဲ့များဖြင့် အချိန်ပြည့်‌စောင့်ကြည့်လျက်ရှိ ၍ တူးမြောင်းမကြီးနှစ်ခုမှ ၂၀ မဂ္ဂါဝပ် စက်နှစ်လုံးဖြင့် တစ်ရက်လျှင် ၄၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည်။

“အခုလို မိုးကုန်ကာလဆိုရင် ရေလှောင်တမံ ရေပြည့်နေပါပြီ။ ဒီလိုအချိန်မှာ နေ့စဉ်လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီးတော့ မဟာဓာတ်အားလိုင်းထဲကို ပို့လွှတ်ပေးနေပါတယ်။ ရေလှောင်တမံကို ရေကင်းတွေက အမြဲစောင့်ကြည့်နေပြီး လက်တံမြောင်းကြီးတွေကနေ ချောင်းထဲကို ရေတွေထုတ်နေပါတယ်။ ဒီဇင်ဘာလကုန်တာနဲ့ လက်ဝဲ၊ လက်ယာ မြောင်းတွေကနေ ဖြူးမြို့က နွေစပါးစိုက်ခင်းတွေအတွက် ရေပို့လွှတ်သွားမှာဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြူးရေလှောင်တမံ တာဝန်ခံက ပြောသည်။

ဖြူးချောင်းရေလှောင်တမံအတွင်းသို့ ပဲခူးရိုးမအနောက်ခြမ်း တောင်တန်းများ၊ ပဲခူးရိုးမဘေးမဲ့ တောနှင့် စိမ့်စမ်းများမှ ရေစီးဝင်မှုကို ထိန်းသိမ်းသိုလှောင်ထားပြီး ရေလှောင်တမံမှ သိုလှောင်ရေကို ဖြူးမြို့နှင့် ဇေယျဝတီမြို့နယ်တို့မှ တောင်သူများ၏ စိုက်ခင်းများထံ ပေးဝေလျက်ရှိကြောင်းသိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ဖြူးချောင်းရေလှောင်တမံ

HOT NEWS
January 4,