ဗုဒ္ဓမြတ်စွာဘုရားရှင်ပြည်တော်ဝင် တပေါင်းလပြည့်အခါတော်နေ့
ဗုဒ္ဓမြတ်စွာဘုရားရှင်ပြည်တော်ဝင် တပေါင်းလပြည့်အခါတော်နေ့
Ministry of Information/ Naypyitaw / March 02, 2026
ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်နေ့ဖြစ်သည်။ ပညာဝီမံသနကထာကျမ်းတွင် မန်လည်ဆရာတော်ဘုရားကြီးက မြတ်ဗုဒ္ဓသည်တပေါင်းလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်မှစတင်ထွက်ခွာ၍ ကပိလဝတ်ရွှေမြို့တော်သို့ ကဆုန်လပြည့်နေ့တွင် ဆိုက်ရောက်သည်ဟု ဆိုထားပါသည်။ ကွဲလွဲမှုရှိသော်လည်း တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓပြည်တော်ဝင်ရန်အတွက် အစဦးနေ့ထူးနေ့မြတ်ဟု ဆိုနိုင်သည်။
မြတ်ဗုဒ္ဓဘုရားရှင်ကို ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်းတို့က မျှော်လင့်နေကြသောအချိန်အခါဖြစ်သည်။ တပေါင်းလသည် မပူလွန်း မအေးလွန်းမျှတသော ရာသီဥတုရှိသည့်ကာလဖြစ်သည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသံ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသော သဘာဝအလှတရားများနှင့်ပြည့်စုံသည့် တပေါင်းလသည် ဒေသစာရီကြွချီတော်မူရန် သင့်လျော်ပါကြောင်းဆိုသည်ကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ချီးမွမ်းလျှောက်ထားခဲ့ပါသည်။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့ပါသည်။
ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာ ၆၀ ကွာဝေးသည်။ မြတ်စွာဘုရားသည် တစ်နေ့လျှင် တစ်ယူဇနာခရီးကြွတော်မူခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့် မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။ ကပိလဝတ်ရွှေမြို့တော်တွင် မြတ်ဗုဒ္ဓနှင့် ရဟန္တာနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူသဖြင့် သာသနာဝင်သမိုင်းတွင် ကပိလဝတ်ပြည်သည် တတိယမြောက် သာသနာတော်ထွန်းကားရာဒေသဖြစ်လာသည်။ ပထမဆုံး သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ဗာရာဏသီပြည်ဖြစ်ပြီး ဒုတိယမြောက် သာသနာတော်ထွန်းကားစည်ပင်ရာဒေသသည် ရာဇဂြိုဟ်ပြည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသီတင်းသုံးရာဒေသများသည် သာသနာထွန်းကား စည်ပင်ရာဒေသများဖြစ်သည်။
ရာဇဂြိုဟ်ပြည်တွင် ဝေဠုဝန်ကျောင်းတော်ကြီး ပေါ်ထွန်းသကဲ့သို့ ကပိလဝတ်ပြည်တွင်လည်း နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာသဖြင့် ရဟန်းတော်များ စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးတော်မူနိုင်သလို ပြည်သူပြည်သားများအတွက်လည်း ဒါန၊ သီလ၊ ဘာဝနာကောင်းမှုအစုစုတို့ကို စိတ်ဆန္ဒရှိတိုင်း ဆောင်ရွက်ခွင့်ရလာသည်။ မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းမျိုးမင်းနွယ်တို့၏ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကိုရွာသွန်း၍ တန်ခိုးပြတော်မူသည်။ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့် ပြည့်စုံသော ရဟန်းသံဃာတော်တို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားတော်မူသည်။
မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး အနာဂါမ်ဖြစ်လာသည်။ မိထွေးတော်ဂေါတမီ သောတာပန်ဖြစ်လာသည်။ ယသောဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ဇနပဒကလျာဏီ၏ ကြင်ရာလောင်း နန္ဒမင်းသား ရဟန်းဖြစ်လာသည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေခဲ့သည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဖြစ်လာခဲ့သည်။ အရှင်သာရိပုတ္တရာ လျှောက်ထားသဖြင့် မဟာဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူသည်။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ကပိလဝတ်ပြည်သူ ပြည်သားတို့၏ မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုသောဆန္ဒ ပြည့်ဝအောင်ဆောင်ရွက်ပေးခြင်း၊ ဆွေတော်မျိုးတော်တို့နေရာ ကပိလဝတ်ပြည်တွင် သာသနာတော်ပွင့်ထွန်းစေရန် စွမ်းဆောင်နိုင်ခြင်းတို့ကြောင့် ကာဠုဒါယီမထေရ်မြတ်ကို မြတ်စွာဘုရားက “ကုလပ္ပသာဒဧတဒဂ်”ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
သို့ဖြစ်ရာ တပေါင်းလပြည့်နေ့နှင့် မြတ်ဗုဒ္ဓပြည်တော်ဝင်ဇာတ်တော်ကို အကြောင်းပြု၍ မြန်မာလူမျိုးတို့အား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ကြံ့ခိုင်ပြီး အဆင့်အတန်းမြင့်၍ ပွဲလယ်တင့်စေရန်၊ လောကီ၊ လောကုတ်နှစ်ဌာနစလုံး၌ ကောင်းကျိုးဖြစ်ထွန်းစေရန် ညွှန်ပြပေးသည့် အဆိုပါဘဝလမ်းပြ မြတ်ဓမ္မသည် မြန်မာတို့၏နှလုံးသားတွင်စီးဝင်ကာ ကောင်းကျိုးအဖြာဖြာ ဖြစ်ထွန်းစေရန်အတွက် ရည်ညွှန်းပါကြောင်း။ ။
