ဘဝတစ်လျှောက်လုံး စာပေနဲ့ လက်ပွန်းတတီးနေခဲ့တဲ့အတွက် ဒါကို အနှစ်သာရရှိတဲ့အနေနဲ့ ပေးတာလို့ ကျွန်တော် မြင်ပါတယ် - စာရေးဆရာကြီး ကို(တက္ကသိုလ်)
ဘဝတစ်လျှောက်လုံး စာပေနဲ့ လက်ပွန်းတတီးနေခဲ့တဲ့အတွက် ဒါကို အနှစ်သာရရှိတဲ့အနေနဲ့ ပေးတာလို့ ကျွန်တော် မြင်ပါတယ် - စာရေးဆရာကြီး ကို(တက္ကသိုလ်)
Ministry of Information/ Naypyitaw / November 03, 2025
မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများအား ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများ ချီးမြှင့်ပေးအပ်ခဲ့ရာ ဆုရရှိခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများနှင့် မေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည်။
စာပေပညာရှင် ဆရာမကြီး ဒေါက်တာဒေါ်ပို(မလေးပို)
အသက်က အခု ၈၇ နှစ်ပြည့်ခါနီး ၈၈ နှစ်ထဲရောက်တော့မယ်။ စာရေးသက်က ရန်ကုန်တက္ကသိုလ်ရောက်တဲ့ ၁၉၅၅ခုနှစ် အဲဒီအချိန်ကစပြီး အခုထိရေးတာပါ။ စာပေ လောကထဲ ကျင်လည်ခဲ့တာပါ။ စာတွေလည်းရေးခဲ့သလို အရေးထက် အပြောကို ပိုအားသန်တော့ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောပါတယ်။
အခုလို ဂုဏ်ပြုပေးတာဟာ မြန်မာစာပေတိုးတက်ရေးကို အများကြီးအထောက်အကူပြု တာပေါ့နော်။ ပုဂံခေတ်ကစပြီး ယနေ့အထိ နှစ်ပေါင်းထောင်ချီ ကြာလာတယ်ဆိုတာ စာပေကို ပြုစုတဲ့သူတွေရော အားပေးတဲ့ ပြည်သူတွေရော ပါဝင်မှရတာလေ။ မြန်မာစာပေရဲ့သမိုင်းဟာဆိုရင် လူမျိုးရဲ့ ဂုဏ်ကိုမြှင့်တင် ပေးတာ။ စာပေမြင့်မှ လူမျိုးတင့်တယ်တာ။ စာပေကနေ ကောင်းကျိုးချမ်းသာတွေ အများကြီးလုပ်ခဲ့တယ်။ စာပေကြောင့် ကိုယ့်တိုင်းပြည် စုစုစည်းစည်း ဖြစ်အောင် လုပ်နိုင်တယ်။ အင်္ဂလိပ်ခေတ်မှာတောင် မြန်မာစာပေပညာရှင်ကြီးတွေကနေ ဥပမာ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့၊ သခင်ကိုယ်တော်မှိုင်းတို့ အများကြီးပါပဲ။ လွတ်လပ်ရေး ပြန်ယူရအောင် ကြိုးပမ်းအားထုတ်ခဲ့တာ၊ စာပေကနေ အမျိုးစုံတိုက်တွန်းခဲ့တာ၊ ပြည်သူလူထုက စာကြောင့် မျက်စိပွင့်ကြတာပေါ့။ စာပေရဲ့ဂုဏ်ကျေးဇူးဟာ အင်မတန်ကြီးတယ်၊ ရေးတဲ့သူ ရှိပြီး မဖတ်လို့ရှိရင် အလကားပဲလေ၊ စာပေပြုစုတဲ့သူရော၊ ရေးတဲ့ သူရော၊ ဖတ်တဲ့သူရောရှိမှ မြန်မာ စာပေသမိုင်းကြီးဟာ ကမ္ဘာတည် သရွေ့ တည်ရှိနေမှာပါ။ ဒါမှ မြန်မာစာပေနဲ့ မြန်မာလူမျိုး ဆိုတာ တင့်တင့်တယ်တယ်ဖြစ်မှာလေ၊ ဒီလို တင့်တယ်ဖို့ဆိုတာ စာပေနဲ့ပတ်သက်ပြီး အားပေး ချီးကျူးကြမှ စာပေရဲ့ ကြီးပွားတိုးတက်မှုလည်း ဖြစ်လာမှာ။ အခုလိုစာပေပြုစုသူတွေ၊ စာရေးဆရာကြီး၊ ဆရာမကြီးတွေကို နိုင်ငံတော်ကနေပြီးတော့မှ ချီးကျူးဂုဏ်ပြုတာဟာ၊ အားပေးတာဟာ စာပေအတွက်ဆိုပေမယ့် နိုင်ငံအတွက်ပါ တစ်ခါတည်း ပါသွားပြီ။ အဲဒါကြောင့် ဒီလို ဂုဏ်ပြုပေးတာဟာ အင်မတန်အကျိုးကျေးဇူးများပါတယ်လို့ ပြောချင်ပါတယ်။ နောင်ကိုလည်း ဆက်လက်ပြီးတော့ ရေးသူတွေကလည်း ရေးကြပါ၊ နိုင်ငံတော်ကလည်း အမြဲအားပေးပါလို့ ဆန္ဒပြုပါတယ်။
ကိုယ်ရေးအကျဉ်း
ဆရာမကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဒေါ်ပိုကို ၁၂- ၁- ၁၉၃၉ ခုနှစ်တွင် စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မင်းကင်းမြို့တွင် မွေးဖွားသည်။ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၁၉၆၈ ခုနှစ်တွင် လယ်တီပဏ္ဍိတအတ္ထုပ္ပတ္တိနှင့် စာပေကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မော်လမြိုင်ကောလိပ် မြန်မာစာဌာနတွင် နည်းပြဆရာမအဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ပုသိမ်ကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ၁၉၈၀ ပြည့်နှစ်တွင် မကွေးဒီကရီကောလိပ်တွင် ကထိက၊ ထို့နောက် တွဲဖက်ပါမောက္ခ၊ ပါမောက္ခ/ဌာနမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ပါမောက္ခ/ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကျွမ်းကျင်ပညာရှင် အကြံပေးအရာရှိ၊ အချိန်ပိုင်းပါမောက္ခတာဝန်များ ထမ်းဆောင်ခဲ့ပြီး ပါရဂူကျမ်းကြီးကြပ်စစ်ဆေးရေးတာဝန်များ ဆောင်ရွက်သည်။
၁၉၉၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက္ကသိုလ်ပညာရေးလုပ်ငန်းများ လေ့လာရေး သွားရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှ ရေးရာ ဧည့်ပါမောက္ခအဖြစ် ပညာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ သွားရောက်ခဲ့စဉ်အတွင်း မြန်မာအမျိုးသမီး (SIBA Shizuoka International Burmese Association Journal 1996) နှင့် မြန်မာယွန်းလုံချည် (Fugita Yante-1997) စာတမ်းဆောင်းပါး များ ပြုစုရေးသားခဲ့သည်။
နိုင်ငံတော်မှ ဝိဇ္ဇာပညာရပ် ထူးချွန်ဒုတိယဆင့်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ဝန်ထမ်းကောင်းတံဆိပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)၊ ဝဏ္ဏကျော်ထင်ဘွဲ့များ ပေးအပ်ခဲ့သည်။
စာရေးဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)
ဒီဆုကတော့ စာပေဆုမှာ အမြင့်ဆုံးပဲလေ။ ဒီလိုဆုရတော့ အထူးဝမ်းသာတယ်ပေါ့ဗျာ။ စာပေနဲ့လည်း ဆက်ပြီးတော့ အကျိုးပြုနိုင်တဲ့ သဘောမျိုးရှိတယ်ဆိုတော့ ဝမ်းသာပါတယ်။ အခုနောက်ပိုင်း စာဖတ်တာတွေ နည်းလာကြတယ်လေ။ အွန်လိုင်းသုံးတာများလာတော့ စာဖတ်တဲ့ အရှိန်က လျော့လာတယ်လို့ပြော လို့ရတာပေါ့။ စာဖတ်တဲ့အလေ့အကျင့်လေးတွေ ပြန်ဖော်ထုတ်ချင်တာပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးချင်တယ်။ အခုလို ကျွန်တော် ပြောသင့်ပြောထိုက် ပြောခွင့်ရတဲ့အခါမှာ ဒါလေးတွေ ထည့်ပြောခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်တော် ၂၀၀၀ ပြည့်နှစ်က ပြဇာတ်စာပေနဲ့ အမျိုးသားစာပေဆုရခဲ့ တယ်။ စင်ပေါ်မှာကပြတဲ့ ပြဇာတ် နဲ့ စာပေမှာရေးထားတဲ့ ပြဇာတ်နဲ့ အဲအဆက်ဆက်လေးကိုလည်း ကျွန်တော်က လုပ်ချင်နေပါတယ်။ ကြုံတဲ့အခါလည်း ပြောချင်တယ်။ ကျွန်တော်တို့ စာပေဗိမာန်က ခေါ်တဲ့ပြဇာတ်၊ အမျိုးသားစာပေဆု ပေးတဲ့ပြဇာတ်၊ အဲဒီပြဇာတ်တွေက အရေးပြဇာတ်ကို ဆုပေးကြတာပါ။ နည်းနည်းလေးကွာနေတယ်။ ပြဇာတ်ဆိုတာနဲ့ စင်ပေါ်မှာရှိတဲ့ ပြဇာတ်ကိုပဲ မျက်စိထဲမြင်နေကြတယ်။ စင်ပေါ်ကပြဇာတ်ကတော့ တွေ့ကြတယ်၊ ချစ်ကြတယ်၊ ညားကြတယ်၊ လွမ်းကြတယ်၊ ဆွေးကြတယ်။ နောက်တော့ ပြန်လည်ပေါင်းစည်းကြတယ်။ ဒီဇာတ်လမ်းပေါ်မှာ လျှောက်လှမ်းကြတာများတာပေါ့။ ကျွန်တော်ရေးတဲ့ပြဇာတ်တွေက ၁၂ ပုဒ် နီးပါးရှိနေပြီ။ တကယ့်ပကတိ ဖြစ်ရပ်ကို စာအားဖြင့်လည်း တင်ချင်တယ်။ စင်ပေါ်မှာလည်း ထူးခြားတဲ့ အဖြစ်အပျက်တွေကို ပြဇာတ်အနေနဲ့ ဖြစ်လာစေချင် တယ်။ ဒါကျွန်တော့်ရဲ့ဆန္ဒပါ။
ကိုယ်ရေးအကျဉ်း
ဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော) ကို အဖ ဦးအုန်း၊ အမိ ဒေါ်နှင်းတင်တို့မှ ၁၉၄၁ ခုနှစ်တွင် ဖျာပုံမြို့နယ် သမိန်ထောရွာတွင် မွေးဖွားခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ဝန်ထမ်းဘဝတွင် လက်ထောက်မြို့ပိုင်၊ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း သင်တန်းအဖွဲ့မှူး၊ ပြည်သူ့ကောင်စီအတွင်းရေးမှူး၊ မြို့နယ်ရုံးအဖွဲ့မှူး၊ မြို့နယ်ဦးစီးအရာရှိစသည့် နိုင်ငံ့တာဝန်များ ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် အတွင်း ထူးချွန်ဝန်ထမ်းကောင်း တံဆိပ်ရရှိခဲ့သည်။
စာပေနယ်ထဲသို့ ၁၉၆၁ ခုနှစ် ငွေတာရီမဂ္ဂဇင်းတွင် “လောက အလှကဗျာ” ဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ၎င်းကဗျာသည် အလယ်တန်းကဗျာလက်ရွေးစင်စာအုပ်တွင် ထည့်သွင်းပြဋ္ဌာန်းခြင်းခံရသည်။ ငွေတာရီ၊ ရှုမဝ၊ နဝဒေး စသည့်မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ်ခန့်မှစ၍ စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ၁၁ ဆု၊ ယဉ်ကျေးမှု အနုပညာတစ်ဆု၊ စာပဒေသာ တစ်ဆု၊ ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကျမ်းစာ သုံးဆု၊ ဝတ္ထုရှည် တစ်ဆု စသည်ဖြင့် ဆုများအသီးသီး ရရှိခဲ့သည်။
ယခုအခါ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။
စာရေးဆရာကြီး ဦးကိုကို (ကို-တက္ကသိုလ်)
အမျိုးသားစာပေဆုကတော့ စာအုပ်တစ်အုပ်ပေါ်မှာပဲ မူတည်ပြီးပေးတာပေါ့။ တစ်သက်တာစာပေဆုဆိုတာကတော့ ဆုချီးမြှင့် ခံရတဲ့ စာရေးဆရာကြီးတွေ တစ်သက်လုံး စာပေနဲ့ ထိတွေ့လာပြီး သူတို့ရဲ့ဘဝတစ်သက်တာမှာ စာပေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်းပါဝင်ပြီး ဆောင်ရွက် လာခဲ့ကြတယ်ဆိုပြီးတော့ အထူးသဖြင့် ဘဝတစ်လျှောက်လုံး စာပေနဲ့ လက်ပွန်းတတီးနေခဲ့တဲ့အတွက် ဒါကို အနှစ်သာရရှိတဲ့ အနေနဲ့ပေးတာလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ကတော့ တစ်သက်တာစာပေဆု ကို အများကြီးတန်ဖိုးထားရမယ်လို့ ကျွန်တော်မြင်ပါတယ်။
ဒီဘက် ခေတ်မှာတော့ တော်တော်လေး စာဖတ်တာ အားနည်းနေတာကို ကျွန်တော်တွေ့တယ်။ အရင်လိုမဟုတ်တော့ ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ရေးသာရေးလိုက်တာ ဖတ်တဲ့သူအပိုင်းကျတော့ ကျွန်တော်တို့မြင်ဖို့ကျ တော်တော်လေးခက်တယ်။ များသောအားဖြင့်တော့ အွန်လိုင်း မှာပဲ စာဖတ်ကြတာ များတယ်။ ကျွန်တော်တို့ ဟိုနားဒီနားပဲသွားသွား ဘယ်ကိုပဲသွားသွား ကျွန်တော်တို့ ငယ်ငယ်ကဆို စာအုပ်လေးတွေ ဖတ်တယ်။ ဂျာနယ်လေးတွေ ဖတ်တယ်၊ အခုကျတော့ ဖုန်းနဲ့ပဲ ဖတ်နေကြ တာတွေ့နေရတယ်။ အွန်လိုင်း မီဒီယာဖတ်တာကျ ပိုများသွား ကြပြန်ရော။ အွန်လိုင်းစာပေတွေမှာလည်း ကောင်းမွန်တဲ့စာပေတွေ ရှိပါတယ်၊ ကောင်းမွန်တဲ့စာပေတွေ ဖတ်နေတယ်လို့ပဲ ယူဆရမှာပါ။ စာအုပ်ကိုင်ဖတ်တဲ့ပိုင်းမှာတော့ အရင်လိုမများတော့ဘူး။ သို့သော်လည်း အွန်လိုင်းဘက်မှာတော့ ပိုဖတ်လာကြပါတယ်။ အဲဒီလိုလေးတော့ရှိသွားမယ်။
ကိုယ်ရေးအကျဉ်း
ဦးကိုကို (ကို-တက္ကသိုလ်)ကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့၌ အဖ ဦးစန်းရည် (မော်ကွန်းဝင် တတိယ အဆင့်) အမိ ဒေါ်ငွေတို့မှ မွေးဖွားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် စစ်တက္ကသိုလ်မှ B.Sc ဘွဲ့နှင့် ၁၉၉၉ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ MA(Def: Study)ဘွဲ့ ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ် မေလထုတ် ရုပ်ရှင်သစ်မဂ္ဂဇင်းပါ မြတ်နိုးသည်သာ ကဗျာဖြင့် စာပေနယ်သို့ဝင်ရောက်ခဲ့ပြီး စာနယ်ဇင်းမျိုးစုံတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးနှင့် ဘာသာပြန်စာပေ များရေးသားခဲ့၊ ရေးသားဆဲဖြစ်သည်။ ကဗျာပေါင်းချုပ်စာအုပ် လေးအုပ်အပါအဝင် သုတ၊ ရသ လုံးချင်းစာအုပ် ၁၈ အုပ် ထုတ်ဝေ ပြီးဖြစ်သည်။
ထင်ရှားသော ကလောင်အမည်မှာ ကို(စစ်တက္ကသိုလ်)၊ ကို (တက္ကသိုလ်)၊ ကေကေ(မဟာဝိဇ္ဇာ)နှင့် အောင်ဇေယျတို့ဖြစ် သည်။ စာပေတာဝန်များအနေဖြင့် ယခင်တပ်မတော်နေ့အထိမ်းအမှတ် ကဗျာနှင့် အနုပညာပြိုင်ပွဲလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌ၊၂၀၁၄- ၂၀၁၅ ခုနှစ်တွင် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေး ကော်မတီတွင် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီတွင် အကြံပေးပုဂ္ဂိုလ်၊ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်မှ သီရိပျံချီဘွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပြီး ယခုအခါ တာဝန်များမှ အနားယူပြီး စာပေများကို ဆက်လက်ရေးသားလျက်ရှိသည်။
စာပေပညာရှင် ဆရာမကြီး ဒေါက်တာခင်သန်းဦး(မမိုးမြေ)
ကျွန်မက စာရေးတဲ့အလုပ်ကို ဝါသနာလည်းပါခဲ့တယ်။ အသက် ၁၈ နှစ်သမီးလောက်ကတည်းကစပြီး တိုင်းရင်းမေ ဂျာနယ်မှာ ဝတ္ထုလေးတွေရေးခဲ့တာ တကယ်တမ်း ဆက်တိုက်ရေးဖြစ်တာက အသက် ၃၅ နှစ်လောက်ကစပြီး တော့ အသက် ၅၀ ကျော်လောက်ထိ ဝတ္ထုရှည်တွေ၊ လုံးချင်းဝတ္ထု ရှည်တွေ၊ ဝတ္ထုတိုတွေ အများကြီး ရေးခဲ့တယ်ပေါ့၊ လုံးချင်းဝတ္ထုရှည် တွေဆို အပုဒ် ၆၀ ကျော် ၇၀ နီးပါး ရှိတယ်။ အတိုလည်း အဲဒီလောက်ရှိတယ်၊ အတိုတွေက အခုထိ လည်း ရေးနေတုန်းပါပဲ၊ နောက်ပိုင်းပင်စင်ယူပြီးမှ ကျွန်မ ပါရဂူဘွဲ့တက်တယ်၊ ဒေါက်တာဘွဲ့ရတယ်၊ အဲဒီနောက်ပိုင်းမှာ ရေးတဲ့ စာပေတွေကတော့ စာပေ သဘောတရားနဲ့ ပတ်သက်တဲ့ စာအုပ်တွေချည်းပဲဖြစ်ပါတယ်။ စာပေသဘောတရားနဲ့ ပတ်သက် တဲ့အခါကျတော့ ဒါတွေက ဝတ္ထုရှည် သဘောတရား၊ ဝတ္ထုရှည် အတတ်ပညာတို့၊ ဝတ္ထုတို သဘောတရား၊ ဝတ္ထုတို အတတ်ပညာတို့၊ ဝတ္ထုရှည် ဖန်တီးသူ၊ ဝတ္ထုရှည် ခံစားသူ၊ ကဗျာ ဖန်တီးသူ၊ ကဗျာခံစားသူ၊ ရသစာတမ်းပေါ့နော်၊ ဆရာဇော်ဂျီနဲ့ အခြား စာဆိုတွေ ရသစာပေတွေးဟန်နဲ့ ရေးဟန်ပေါ့စသဖြင့် စာပေ သဘောတရား စာအုပ်တွေ ရေးတာများတယ်၊ ရှစ်အုပ်တိတိ ရေးလိုက်တယ်။ ဒါက လက်ရှိသက်ကြီးပိုင်းမှာ ရေးလိုက်တာ ပေါ့လေ၊ ဒီလိုရေးတဲ့ အခါမှာတော့ ကိုယ့်ရဲ့ဝါသနာကို အရင်းခံပြီး ကိုယ့်ရဲ့ ဘဝလုပ်ငန်းက လည်း မြန်မာစာဆရာမဖြစ်တဲ့အတွက် တွဲလျက်လုပ်ကိုင်သွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတစ်သက်တာမှာ တစ်ခါမျှ ဆုမရခဲ့ပါဘူး၊ ကျွန်မအနေနဲ့လည်းပဲ နေသားကျနေပြီလေ၊ ဆုရမယ်လို့လည်း တစ်ခါမျှ မျှော်လင့်မထားပါဘူး။ ပြီးခဲ့တဲ့ဩဂုတ်လတုန်းက ပခုက္ကူဦးအုန်းဖေရဲ့ တစ်သက်တာစာပေဆုရလိုက်တယ်၊ ရလိုက်တော့ တော်တော့ကို အံ့ဩသွားပါတယ်။ အဲဒီလိုကနေ ခုတစ်ခါ ထပ်ရတဲ့ အခါကျတော့ ကျွန်မအနေနဲ့ ဆုရမယ်လို့လည်း ရည်မှန်းမထားပါဘူး၊ တကယ်က စာရေးတဲ့ အလုပ်က ကိုယ့်ဘဝနဲ့လည်း ဆက်စပ်နေတယ်၊ ကိုယ့်လုပ်ငန်းနဲ့လည်း ပတ်သက်နေတယ်၊ ကိုယ်လည်း ဝါသနာပါတယ်၊ အနုပညာတစ်ခုခုနဲ့ ရှင်သန်နေရတာလည်း ဘဝကနေပျော်တယ် လို့ ထင်လို့နေတာပါ။ အခုလို နိုင်ငံတော်က တစ်သက်တာစာပေ ဆုကို ရတဲ့အခါကျတော့ ကျွန်မ အနေနဲ့ မျှော်လင့်မထားသော် လည်း အထူးပင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ကိုယ်ရေးအကျဉ်း
ဆရာမကြီး မမိုးမြေကို အဖ ဦးဖွယ်လင်၊ အမိ ဒေါ်ကြည်မြတို့မှ ၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် တက္ကသိုလ်ဝင် တန်း အောင်မြင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူး၊ ၁၉၇၁ ခုနှစ် တွင် မဟာဝိဇ္ဇာ၊ ၂၀၀၆ ခုနှစ်တွင် ပါရဂူဘွဲ့ ရရှိခဲ့သည်။
၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ စသည့် ရာထူးအဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အငြိမ်းစားယူပြီး ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ဝတ္ထုရှည် သဘောတရား၊ ဝတ္ထုရှည် အတတ်ပညာ(ကျမ်း)ဖြင့် ရရှိခဲ့သည်။ တက္ကသိုလ် မခင်သူအမည်ဖြင့် တိုင်းရင်းမေ ဂျာနယ်၌ ဝတ္ထုတိုများရေးသားခဲ့သည်။ ၁၉၇၈ ခုနှစ်မှစ၍ မမိုးမြေကလောင်အမည်ဖြင့် မလွမ်းချင် တော့ဘူးကွယ် လုံးချင်းဝတ္ထုရှည်ကို ပထမဆုံး ရေးသားထုတ်ဝေခဲ့သည်။ ဝတ္ထုရှည် ၇၀ ခန့်နှင့် ဝတ္ထုတို အပုဒ် ၇၀ ခန့်ရေးသားခဲ့ သည်။ ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အထိ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနတွင် ပါရဂူသင်တန်းသားများအား အချိန်ပိုင်း ပို့ချပေးနေပြီး ပါရဂူကျမ်း ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းတာဝန်များကို ဆောင်ရွက်နေဆဲဖြစ်သည်။
စာရေးဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)
ကျွန်မက မျှော်လင့်မထားဘဲနဲ့ ရတာပါ၊ အခု ကျွန်မအသက် ၉၃ နှစ်ရှိပြီ သူများတွေ စာပေဆုတွေ ချီးမြှင့်ခံရတိုင်း ကျွန်မက တက်ပြီး မုဒိတာပွားတာပေါ့၊ အခုကိုယ်တိုင် ရတယ်ဆိုတဲ့ အခါကျတော့ ကျွန်မကို မုဒိတာပွားကြသူများ အခုထိဆို ရာနဲ့ချီနေပြီ တယ်လီဖုန်းတွေဆက်ကျ၊ မက်ဆေ့စ်တွေ ပို့ကျပေါ့၊ ပီတီလေး ခံစားရတာပေါ့။
ကျွန်မပြောချင်တာကတော့ ခေတ်ချင်းက မတူဘူးဖြစ်သွားပြီ၊ ကျွန်မတို့ခေတ်တုန်းကဆို မဂ္ဂဇင်းတွေခေတ်ဆိုတဲ့အခါကျတော့ ရေးစရာတွေက အများကြီးပဲလေ ကျွန်မတို့လည်း မဂ္ဂဇင်းတိုင်းလိုလို မှာ ကျွန်မ ဝတ္ထုတွေ ပါတာများတယ်။ ကျွန်မက စာမူပို့တော့မယ်ဆိုရင် ဒီမဂ္ဂဇင်းရဲ့ အယ်ဒီတာ အာဘော် နဲ့ ဒီမဂ္ဂဇင်းထဲမှာပါတဲ့ စာတွေကိုပေါ့နော် အရင်ဝယ်ပြီးတော့မှ ဖတ်ကြည့်တယ်၊ ဖတ်ကြည့်ပြီးတော့မှ ကိုယ်ပြောချင်တာလည်းပါအောင် သူတို့ရဲ့မူနဲ့လည်း ကိုက်အောင် မဂ္ဂဇင်းတိုင်းကို ပို့တယ်။ ခုခေတ်ကျတော့ မဂ္ဂဇင်းကလည်း ရှားသွားပြီ ခုခေတ်က Facebook ပေါ့၊ ကောင်းတာထက် မကောင်း တာက ပိုများနေတယ်၊ ကျွန်မ ခုနေပြည်တော်စာပေဝိုင်းမှာ ကိုးနှစ်ရှိပြီ ဦးဆောင်ပြီးလုပ်နေ တာ ကလေးတွေကို ကျွန်မ စာပေဆုတွေ ဘာတွေ ချီးမြှင့်ပေးတယ်ပေါ့။ ကျွန်မအမြဲပြောတယ် စာပေဆိုတာ ကောင်းတဲ့စာပေပဲ ရေးကြပါ။ ပေတဲ့စာပေ မရေးကြပါနဲ့လို့ အမြဲဆိုဆုံးမတယ်၊ ခုခေတ်က မိဘတွေက မအားလပ်ကြတာ များတော့ ကလေးတွေကို သွန်သင်ဆုံးမတာ နည်းတယ်လေ၊ မိဘဆိုတာက လက်ဦးဆရာပဲလေ၊ စာအုပ်ဆိုတာကျတော့ စာပေက သူ့အရွယ်နဲ့သူ ဖတ်သင့်တာလေး တွေရှိတယ်၊ စာအုပ်စာပေက ဘယ်တော့မှ အဆိပ်အတောက် မဖြစ်ဘူး။ အခုလူမှုကွန်ရက်မှာ ကျတော့ အဆိပ်ဖြစ်တဲ့စာပေတွေ၊ ညစ်ပတ်တဲ့ ပေတဲ့စာပေတွေ များလာတော့ ကလေးတွေအပေါ်မှာ ကျွန်မရေးဖြစ်တဲ့အခါမျိုးဆိုရင်လည်း ဒါတွေကို လူငယ်တွေ သတိထားနိုင်အောင် ရေးဖြစ်တယ်ပေါ့။ ကျွန်မက ခေတ်ကိုပဲ သုံးသပ်ချင်တာပါ၊ လူငယ်တွေ စာရိတ္တတိုးတက်မြင့်မားလာဖို့ လိုပါတယ်။ ရုပ်ဝတ္ထုအနေနဲ့က အများကြီး တိုးတက်လာတယ်၊ သို့သော် စိတ်ထားလေးတွေကို တော်တော်လေး ပြုပြင်ကြရဦးမယ် ထင်ပါတယ်။
ကိုယ်ရေးအကျဉ်း
ဆရာမကြီး ဒေါ်တင်ရီကို အဖ ဦးညို၊ အမိ ဒေါ်ချစ်တို့မှ ၁၉၃၂ ခုနှစ် မတ်လ ၂၅ ရက်တွင် ညောင်ဦးမြို့ ကျောင်းစုရပ်၌ မွေးဖွားခဲ့သည်။ အသက် လေးနှစ်တွင် ဘုန်းတော်ကြီးကျောင်း၌ စာသင်ကြားခဲ့ပြီး အသက် ခုနစ်နှစ်အရွယ်တွင် ညောင်ဦးမြို့ အမျိုးသားအထက်တန်းကျောင်း၌ အရည်အချင်းစစ်၍ ဒုတိယတန်းမှ စတင်ပညာသင်ကြားခွင့် ရခဲ့သည်။
မြဝတီ၊ ငွေတာရီ၊ စစ်ပြန်၊ ချယ်ရီ၊ မဟေသီ၊ ကလျာ၊ လုံမလေး၊ စာပေလုပ်သား၊ စန္ဒာ၊ နိုင်ငံ့ဂုဏ်ရည်၊ ပိတောက်နွယ်၊ နွယ်သာကီ မဂ္ဂဇင်းများ၊ အတွေး အမြင်ဂျာနယ်၊ မေမြန်မာဂျာနယ်တို့တွင် ဝတ္ထုတို ၁၀၀ ကျော်၊ စန္ဒာ မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် မောင်ရှေ့သို့ တည့်တည့်လျှောက်ရင် ကို လုံးချင်းရိုက်ပြီး တစ်နိုင်ငံလုံးရှိ တပ်မတော်သား များအတွက် လှူဒါန်းခဲ့သည်။
မြန်မာ့အသံ ဇာတ်လမ်းပမာ နားဆင်စရာကဏ္ဍတွင် ဝတ္ထုတို ၁၀ ပုဒ်၊ ရနံ့မသင်း အဆင်းမဖြူနိုင် ဝတ္ထုရှည်အား ၁၉၈၉ - ၁၉၉၀ ပြည့်နှစ်တွင် ၄၅ မိနစ်စာ အသံလွှင့် ဖော်ပြခြင်းခံရပြီး လုံမလေးမဂ္ဂဇင်းနှင့် စန္ဒာမဂ္ဂဇင်း တို့တွင် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ရေးသားခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ခင်ပွန်း ကွယ်လွန်ပြီးနောက် မြတ်မင်္ဂလာ၊ မြတ်ပန်းရဂုံတို့တွင် ဘာသာရေးစာပေများ ရေးသားခဲ့ပြီး ဓနသိဒ္ဓိ ဂျာနယ်တွင် ၂၀၀၉ ခုနှစ်မှ ယနေ့ အထိ အပတ်စဉ်ဘာသာရေးစာပေများ ရေးသားနေဆဲဖြစ်သည်။
