ဘုတလင်နှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

ဘုတလင်နှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


Ministry of Home Affairs/ နေပြည်တော် / April 06, 2023
ရေစကြိုမြို့နယ်၌ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိမှု။


      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများလုံခြုံဘေးကင်းအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိပါသည်။

       ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ နံနက် ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တက်လိုင်းကျေးရွာ၏ တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ တဲ ၃ လုံးအတွင်းမှ အကြမ်းဖက်အဖွဲ့များ၏ လက်လုပ်မိုင်း  ၂ လုံး၊ ဆားကစ်ပြား ၁၂ ခု၊ Keypad ဖုန်း၂ လုံး၊ အစိမ်းရောင် လည်တိုဖိနပ် ၃ ရံ၊ ဆိုင်ကယ်ဘက်ထရီအိုး ၁၀ လုံး၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ပြောက်ကျားလည်စီး ၁ ခု၊ NLD တံဆိပ်ပါ အနီရောင်အင်္ကျီ ၂ ထည်၊ NLD တံဆိပ်ပါ အနီရောင် နဖူးစည်း ၁ ခုနှင့် ပြောက်ကျား ဦးထုပ် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

      အလားတူ နံနက် ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သမန္တပို့အလယ်ကျေးရွာအရောက်တွင် အဆိုပါကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအတွင်းမှနေ၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၂၅ မိနစ်အကြာတွင် အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်အဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးကာ အခင်းဖြစ်နေရာမှ AK-47 သေနတ် ၂ လက်၊ M4 ကာဘိုင် ၁ လက်၊ အူဇီ ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၆၃ တောင့်၊ ၅.၅၆ ကျည် ၈၃ တောင့်၊ ၉မမ ကျည် ၆ တောင့်၊ AK-47 ကျည်အိမ် ၂ ခု၊ M-4 ကျည်အိမ် ၂ ခု၊ အူဇီကျည်အိမ် ၁ ခု၊ စကားပြော စက် ၃ လုံး၊ အားသွင်းခွက် ၆ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ဒီတိုနေတာ ၂ ခု၊ ယမ်းကြိုး ၂ ချောင်း၊ ရီမု ၁ ခု၊ ဆားကစ်ပြား ၁၁ ခု၊ မီးတိတ်ခွေ ၄ ခွေ၊ နိုင်လွန်ကြိုးခွေ ၂ ခွေ၊ မှတ်ပုံတင်ကတ် ၁ ခုနှင့် ယာဉ်မောင်း လိုင်စင်ကတ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်များမှ သိမ်းဆည်းရမိသည့် လက်လုပ်မိုင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျသိမ်းဆည်းရှင်းလင်းခဲ့ပြီး နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။