ဘုတလင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် အဆင်ခြင်မဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ
ဘုတလင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် အဆင်ခြင်မဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / February 14, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ပေါ် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် အဆင်ခြင်မဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရွှေတောင်ကျေးရွာအနီးနှင့် ဘုတလင်-ကံသာရွာသွားကားလမ်းဘေး ထန်းပင်စု ဘုန်းကြီးကျောင်းအနီး တို့မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် အဆင်ခြင်မဲ့ ပစ်ခတ်ခဲ့မှုကြောင့် မြဝတီရပ်ကွက်နေသူများ ဖြစ်ကြသည့် မမိုးမိုးငြိမ်း (၂၉)နှစ် (ဘ) ဦးကျော်အေး၊ ဦးမျိုးအောင်ထွဋ် (၄၇)နှစ် (ဘ) ဦးတင်ထွဋ်၊ ၎င်း၏သားဖြစ်သူ မောင်အောင်မင်းခန့် (၁၄) နှစ်နှင့် သမီးဖြစ်သူ မဟန်နွေထွဋ် (၆) နှစ်တို့ ၄ ဦးတွင် ဗုံးသီးစ ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် အဆင်ခြင်မဲ့စွာ ပစ်ခတ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။