ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၃၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၃၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / June 27, 2025
image_latest


ရန်ကုန် ဇွန် ၂၆

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၃၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုစိတ္တအမှူးပြုသော နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၃၈၀ ဖွင့်လှစ်ပြီး စုစုပေါင်း ကျောင်းသား ၃၃၈၇၁၃ ဦး တက်ရောက်ပညာသင်ယူနိုင်သည့်အတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည့် ပညာရေးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် များစွာအထောက်အကူဖြစ်သည်ကို သိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွဲမှားမှုများရှိနိုင်သည့်အတွက် အမှားအယွင်းများ မဖြစ်ပေါ်ရအောင် အဆင့်ဆင့်ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ ညှိနှိုင်းခြင်းများကို ဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၏ ဆွေးနွေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းလျှောက်ထားပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ကြသည့်အခါ၌ “ခန္တိမေတ္တာနုဒ္ဒယယုတ္တေန ဘဝိတုံဝဋ္ဋတိ” ဟူသော ဇာတ်အဋ္ဌကထာလာစကားတော်ကို နှလုံးသွင်းတော်မူကြလျက်သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းတို့နှင့် ယှဉ်၍လည်းကောင်း၊ မပြတ်မလပ်စည်းဝေးကြခြင်း၊ အကြိမ်များစွာ စည်းဝေးကြခြင်းတို့သည် ကြီးပွားကြောင်း ဖြစ်သည်ဟူသော အပရိဟာနိယဓမ္မတို့ကို နှလုံးသွင်းတော်မူကြ၍လည်းကောင်း ညီညီညွတ်ညွတ်စည်းဝေးဆွေးနွေး ဆောင်ရွက်ကြတော်မူကြရန် အဖွင့်ဩဝါဒကထာမြွက်ကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ် (၃၀) မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လျှောက်ထား၍ ဆက်လက်ဆောင်ရွက်ရမည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လျှောက်ထားသည်။

ယင်းနောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက ညှိနှိုင်းဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လျှောက်ထား၍ မှတ်တမ်းတင်ခြင်း (၂) ရပ်နှင့် ဆုံးဖြတ်ချက် (၅) ရပ်တို့ကို ချမှတ်သည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားသည်။

သတင်းစဉ်