ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
Ministry of Information/ Naypyitaw / April 17, 2025

နေပြည်တော် ဧပြီ ၁၇
ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅၁ ဦးသည် ပထမအသုတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။
အဆိုပါ ဘူတန်ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးသိန်းဇော်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ဘူတန်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ဧပြီ ၃ ရက်မှ ၁၆ ရက်အထိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။