မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံး
Ministry of Home Affairs/ နေပြည်တော် / November 09, 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ပြား (အနောက်)ကျေးရွာနေ ဦးနေဦး(၃၇)နှစ်သည် ကန်ပြား (အနောက်) ကျေးရွာမှ ဥသျှစ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် ရုံးကုန်း ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာ ရုံးကုန်း-ကွမ်းအိုင်သွား ကျေးရွာချင်းဆက် လမ်းပေါ်အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
