မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပထမအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ
မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပထမအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / January 21, 2022
နေပြည်တော် ဇန်နဝါရီ ၂၁
၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ ဖြန့်ဖြူးရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တွဲဘက်အတွင်းဝန် (စီးပွားရေးရာအကြံပေး) Mr. Kamkhenthang Guite တို့က ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေး၌ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လထိ) မတ်ပဲတန်ချိန် (၂ ဒသမ ၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁)သိန်းတို့ကိုတင်ပို့ရမည်ဖြစ်ရာ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးသည့် နေ့မှစ၍ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ အစည်းအဝေး ကျင်းပသည့်နေ့အထိ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ပြီးသည့် ပမာဏသည် G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ်အတွက် ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်တင်ပို့ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံအစိုးရမှ မတ်ပဲနှင့်ပဲစင်းငုံတို့အား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် မူဝါဒအား ၂၀၂၂ ခုနှစ်၊ မတ် (၃၁) ရက် အထိသက်တမ်း တိုးမြှင့်ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများနှင့် အိန္ဒိယနိုင်ငံမှ ပဲတင် သွင်းသူများသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်အား အကျိုးရှိစွာ ဆက်လက် အသုံးချသွားမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်း ခွင့်ပြုသည့် မူဝါဒကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပဲကုန်သွယ်ကဏ္ဍနှင့် စပ်လျဉ်းသည့်ဖြစ် ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ပူးတွဲကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ နားလည် မှုစာချွန်လွှာ အရ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲ နှင့်ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူ များနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများကို နှစ်ဘက်သဘောတူ သတ်မှတ်ခဲ့ကြသည်။
အစည်းအဝေးသို့ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်း ကုန်သည်များအသင်း၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမီတက်တို့မှ တာဝန်ရှိသူများ၊ အိန္ဒိယ သမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့၊ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)