မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / November 21, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကျီကုန်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် ဦးမောင်မောင်(၆၀)နှစ်သည် သမက္ကူကျေးရွာအနီး ဆင်တဲဝဆည်ရှိ တဲတိုက်၌ မိသားစုဝင် များနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးမောင်မောင်အား ဖမ်းဆီးခေါ်ဆောင်ရန် ပြုလုပ်နေစဉ် မိသားစုဝင်များမှ ပြန်လည်၍ ဝိုင်းဝန်းခုခံ ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမောင်မောင်၏ သားဖြစ်သူ မောင်ငြိမ်းချမ်းကို (၁၉)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အကြမ်းဖက်သမား တစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကျန် တစ်ဦးမှာ သတိလစ်မေ့မြောသွားသဖြင့် ၎င်းထံမှ Sig Sauer ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်ဆံ နှစ်တောင့်တို့အား ယူဆောင်၍ ဦးမောင်မောင်ပါ မိသားစုဝင် ကိုးဦးတို့မှ တောင်သာမြို့နယ်၊ အေးကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ထံသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုများ ကျူးလွန်လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
