မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး
Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးကျော်လင်း (၆၀)နှစ် မောင်းနှင်သော MDY-21U XXXX မီနီအိုးဝေယာဉ်အား ငှားရမ်းစီးနင်းလိုက်ပါလာသူ အမျိုးသား နှစ်ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၄ မိုင် ၇ ဖာလုံ UD Amara Garden City အနီးအရောက်တွင် ယာဉ်မောင်း ဦးကျော်လင်းအား ဓားဖြင့်ထိုးကာ မီနီအိုးဝေယာဉ်အား လုယက်ယူဆောင်ခဲ့ရာ ယာဉ်မောင်း ဦးကျော်လင်းမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဦးခေါင်း နောက်စေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပါသည်။
မှုခင်းဖြစ်ပွားကြောင်း သတင်းရလျှင်ရခြင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့် ပူးပေါင်း သတင်းရယူဖော်ထုတ်ခဲ့ရာ လုယူခံရသည့် မီနီအိုးဝေယာဉ်နှင့်အတူ ကျူးလွန်သူများဖြစ်ကြသည့် ပြည်ကြီး တံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေသူများဖြစ်ကြသည့် စိုးမင်းထွန်း(ခ) ထက်ရှိုင်း (၁၉)နှစ် (ဘ) ဦးဝေလွင်အောင် နှင့် ဇော်ဝင်းထွန်း (၁၆)နှစ်(ဘ)ဦးစောခင်ထွန်း တို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၇ လက်မခန့်စီရှိ ဓားဦးချွန် ၂ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။