မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃ x ၃၄ လမ်းကြား၌ “Cow Boy Live Music Bar” မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃ x ၃၄ လမ်းကြား၌ “Cow Boy Live Music Bar” မီးလောင်မှု
Ministry of Home Affairs/ Naypyitaw / May 30, 2025
၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက် နံနက် ၉ နာရီ ၄၇ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃ x ၃၄ လမ်းကြား၌ ပိုင်ရှင် ဒေါ်လင်းလင်းကြွယ်၏ ၄၅ x ၂၅ ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ Steel Structure တစ်ထပ် “Cow Boy Live Music Bar” အဆောက်အအုံအတွင်းရှိ ငလျင်ကြောင့် ပြိုကျပျက်စီးနေသော အပျက်အစီးများအား အကြီးစားပြင်ဆင်မှု ပြုလုပ်နေစဉ် အဆောက်အအုံသံတိုင်များအား ဝရိန်ဆော်ရာမှ ဂဟေပုံးသို့ သွပ်တန်းထားသည့် ပလပ်ခုံရှော့ဖြစ်ပြီး အနီးရှိ အသံလုံဖော့ပြားများ၊ ထိုင်ခုံဆိုဖာများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းနှင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် အမျိုးသမီး လေးဦး မီးလောင်သေဆုံးခဲ့ပြီး အသံလုံဖော့ပြားများ၊ ထိုင်ခုံဆိုဖာများနှင့် ဆိုင်သုံးပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဝရိန်ဆော်သည့် အဖွဲ့ခေါင်းဆောင် ဦးတင့်နိုင်ထွန်း အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။