မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / July 07, 2025
image_latest


နေပြည်တော် ဇူလိုင် ၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော်စေတီနှင့် ဆွမ်းဦးပုညရှင်စေတီတော်တို့တွင် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများနှင့် စေတီတော်ပုရဝှဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေများ၊ နန်းဦးမြို့သစ်ရှိ ရွှေမုဋ္ဌောစေတီ၏ ထီးတော်အားပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြေသို့ပင့်ဆောင်နေမှုနှင့် စေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ ရွှေစေတီကျောင်း တိုက်နှင့် ကိုးတောင်ပြည့်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း၊ မဟာစည်းခုံကြီးစေတီတော်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနာ့ဗိမာန်အားပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်သည်။

ထို့နောက် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ချင်းစုသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောင်းဆောင်အဆောက်အအုံများကို အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများ၊ ပိုးတန်းရပ်ကွက်နှင့် မင်းလမ်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော လူနေအဆောက်အအုံ အပြိုအပျက်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ ရတနာပုံသာဆုတောင်းရ (ဦးပေစိ)ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်နှင့် အမရဌာနီအနောက်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။