မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နေပြည်တော်ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်၍ မီးပုံးပျံလွှတ်တင်ပူဇော်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နေပြည်တော်ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်၍ မီးပုံးပျံလွှတ်တင်ပူဇော်


Ministry of Information/ Naypyitaw / October 18, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော် ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများလွှတ်တင်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။

အဆိုပါ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများလွှတ်တင်ပူဇော်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ဆီမီးထွန်းညှိပူဇော်ကြပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

ထိုသို့အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့်နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်း တော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန် တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီ တော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 သတင်းစဉ်