မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း
Ministry of Information/ Naypyitaw / June 13, 2023

စစ်တွေ ဇွန် ၁၃
နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မီးသတ်တပ်ခွဲ လေးခွဲ၊ အင်အား (၄၆၄) ဦး စေတနာ့ဝန်ထမ်းပရဟိတ အင်အား (၈၅) ဦး၊ စုစုပေါင်း (၅၄၉) ဦးဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပေါက်တောမြို့နှင့် ရသေ့တောင်မြို့နယ်များတွင် ရှင်းလင်းရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးနှင့် ပဲခူးတိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်ခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်တို့အား တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
ဦးသိန်းထွန်းဦး
ညွှန်ကြားရေးမှူး(မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)
မေး။ ဆရာ့နာမည်နဲ့ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာ။
ဖြေ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။
မေး။ ဆရာတို့မီးသတ်တပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ကူညီဆောင်ရွက်မှုတွေရှိနေပါလဲဆရာ။
ဖြေ။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ကတော့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုပြီးတော့ ရည်မှန်းချက်တာဝန် လေးရပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီရဲ့ ဥက္ကဋ္ဌ၊ ပြီးတော့ ကျွန်တော်တို့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးဖြစ်တဲ့အတွက် အခုလိုသဘာဝဘေးဖြစ်တဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး။ မိုခါမုန်တိုင်းကြောင့် ပျက်စီးပြိုလဲမှုတွေကို ရှင်းလင်းရာမှာ တိုင်းဒေသကြီး၊ ပြည်နယ်တွေက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လာကြတယ်သိရပါတယ်ဆရာ။ ပါဝင်တဲ့ဒေသတွေနဲ့ တပ်ဖွဲ့ဝင် အင်အားတွေကိုလည်း သိပါရစေဆရာ။
ဖြေ။ ဟုတ်ကဲ့။ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ် ဆယ်ရေးတပ်ခွဲတွေကို ဖွဲ့စည်းထားရှိပါတယ်။ တပ်ခွဲတစ်ခွဲမှာ ၁၁၆ ဦးစီနဲ့ တိုင်းနှင့်ပြည်နယ်အလိုက် စုဖွဲ့ထားတာရှိပါတယ်။ ကျွန်တော်တို့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဖြစ်ပေါ်ဖို့ သတင်းရရှိပြီ ဆိုကတည်းက ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်အလိုက် အသင့်လုပ်ထားဖို့ လမ်းညွှန်ထားတာရှိပါတယ်။ မုန်တိုင်း ဖြစ်ပွားတဲ့အချိန်မှာလည်း ရခိုင်ပြည်နယ်နဲ့ အနီးဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှ တပ်ခွဲလေးခွဲကို စုပေါင်းပြီးတော့ ရခိုင်ပြည်နယ်ကို မေလ ၁၇ ရက်နေ့မှာဘဲ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်ကို ရောက်ရှိပြီးတော့မှ ပထမဦးဆုံး တပ်ခွဲတစ်ခွဲကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ကို စေလွှတ်တယ်၊ နောက်တစ်ခွဲကိုတော့ ပေါက်တောမြို့ကို စေလွှတ်ပြီးတော့မှ ကျန်တဲ့တပ်ခွဲနှစ်ခွဲကတော့ စစ်တွေမြို့ပေါ်မှာ ဖြန့်ခွဲပြီးတော့ အပျက်စီး ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မေး။ မုန်တိုင်းဖြစ်ပြီးခါစရှင်းလင်းရေးတွေဆောင်ရွက်တဲ့အချိန်နဲ့ အခုလက်ရှိဆောင်ရွက်နေတဲ့ အချိန်တွေမှာ ဆရာတို့အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင်လည်း ပြောပြပေးပါဆရာ။
ဖြေ။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ကြိုတင်ပြီးတော့ ရိက္ခာ ကစပြီးရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းတွေလည်း စုဖွဲ့ပြီးတော့ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ကြီးကြီးမားမား အခက်အခဲတော့ မရှိခဲ့ပါဘူး။ သို့သော်လည်း ဒီကိုရောက်ရှိလာတဲ့အခါ မုန်တိုင်း တိုက်ခတ်တဲ့အတွက် ပြိုလဲတဲ့နေရာမှာ အဓိကသစ်ပင်အကြီးကြီးတွေပြိုလဲမှုတွေရှိတဲ့အခါမှာ ကျွန်တော်တို့မှာရှိတဲ့ Chain Saw တွေနဲ့အသုံးပြုပြီးတော့ ဖြတ်တောက်ရတယ်။ အဲဒီသစ်ပင်ကြီးတွေက သစ်အမာတွေဖြစ်တဲ့အတွက် ခက်ခက်ခဲခဲလုပ်ရပါတယ်။ နောက်တစ်ဖက်မှာလည်း ဓာတ်တိုင်တွေ လဲတာတွေ၊ Steel Structure တွေပြိုလဲတာတွေကို ကျွန်တော်တို့မှာပါလာတဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဖြတ်တောက်တဲ့အခါမှာ ခက်ခက်ခဲခဲလုပ်ရတာပေါ့။
နောက်တစ်ခုက MRTV ထပ်ဆင့်လွှင့် တာဝါတိုင်ကြီး ပြိုလဲသွားတဲ့အခါမှာ အဲ့ဒီတာဝါတိုင်ကြီးက မီတာ ၁၀၀ လောက်ရှည်တယ်။ တာဝါတိုင်ကြီးကို အမြန်ဆုံးရှင်းလင်းရတဲ့အခါမှာ ခက်ခက်ခဲခဲလုပ်ခဲ့ရတာရှိပါတယ်။ ကျန်တဲ့အပိုင်းမှာတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ကြိုတင်ပြီးလေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ပြည်မကလာကြတာတွေဆိုတော့ ရာသီဥတုနဲ့ ပတ်သက်ပြီး လေပြင်းတိုက်ခတ်တာတွေ၊ မိုးရွာတာတွေ၊ နေပူတာတွေစတဲ့ဒဏ်တွေတော့ ခံကြရတာပေါ့၊ ဖျားနာတာတွေတော့မရှိပါဘူး၊ အထက်က အကြီးအကဲတွေကလည်း ဆေးဝါးတွေနဲ့ အစား အစာတွေ တောက်လျှောက်ပံ့ပိုးပေးတာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မေး။ အခုလိုမျိုးရှင်းလင်းရေးတွေလုပ်ဆောင်တဲ့အခါမှာ ဆရာတို့မီးသတ်တပ်ဖွဲ့အပါအဝင် အခြားအဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်တာ ရှိပါသလားဆရာ။
ဖြေ။ ဟုတ်ကဲ့ ရှိပါတယ်။ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြတဲ့နေရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့ အင်အားများများနဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာလည်း နယ်မြေခံတပ်မတော်သားတွေကလည်း ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့နဲ့အတူပါလာတဲ့ ပရဟိတအသင်းအဖွဲ့က လူ(၅၀)ဦး လောက်ပါ လာကြပါတယ်၊ ဒီပရဟိတစေတနာ့ဝန်ထမ်းအဖွဲ့တွေကလည်း ကျွန်တော်တို့မီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့အတွက်ကြောင့်လည်း အခုလိုအချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ စစ်တွေမြို့ပေါ်မှာ ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ပေါက်တောနဲ့ ရသေ့တောင် မြို့ပေါ်မှာလည်း ကူညီကယ်ရေး ရှင်းလင်းရေးကိစ္စတွေကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။
မေး။ ဆရာ့အနေနဲ့ဖြည့်စွက်ပြောကြားစရာလေးတွေရှိရင် ပြောပြပေးပါဆရာ။
ဖြေ။ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က ကြိုတင်ပြီး တော့ သဘာဝဘေးအန္တရာယ်အသိပညာပေးတာတွေ၊ ရွှေ့ပြောင်းတာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးမှုအနည်းဆုံးနဲ့ ကျော်လွှာနိုင်ခဲ့တာဖြစ်ပါတယ်။ သစ်ပင်တွေ၊ အဆောက်အဦ တွေပြိုလဲ တာတွေ ရှိကြဘယ်မဲ့ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေအနေနဲ့ကတော့ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို ပိုမိုပြီးလုပ်ဆောင်သင့်တယ်ဆိုတဲ့ ကြီးမားတဲ့ သင်္ခန်းစာတစ်ခု ရခဲ့တယ်လို့ ပြောကြားလိုပါတယ်ခင်ဗျာ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
ဦးခိုင်မင်းဇော်
လက်ထောက်ညွှန်ကြားရေးမှူး (ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန)
မေး။ ဆရာ့နာမည်နဲ့ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဆရာ။
ဖြေ။ ဟုတ်ကဲ့။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ပါ။ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်ခွဲမှူးပါ။ ဒီမှာလာပြီးတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေလာရောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး။ ဆရာတို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ကူညီကယ်ဆယ်ရေးတွေလုပ်တဲ့အခါမှာ ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲဆိုတာ ရှင်းပြပေးပါအုံးဆရာ။
ဖြေ။ ဟုတ်ကဲ့။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအနေနဲ့ မိုခါမုန်တိုင်းသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရသေ့တောင်မြို့ကို ပထမဆုံးသွားပြီးတော့ ကူညီကယ်ဆယ်ရေးတွေလုပ်ရပါတယ်။ ရသေ့တောင်မြို့မှာ (၉) ရက်ကြာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရသေ့တောင်မှာ ပျက်စီးဆုံးရှုံးမှုကတော်တော်များတယ်။ အမိုးလန်တဲ့ အဆောက်အဦတွေပါရင် အားလုံးပေါင်း ၈၃ ဒသမ ၀၆ ရာခိုင်နှုန်းလောက်ရှိတယ်လို့သိရတယ်။ အဲဒီတော့ ပထမဦးစားပေးအနေနဲ့ ကျွန်တော်တို့က လမ်းတွေရှင်းလင်းတာတွေကို ဆောင်ရွက်ပါတယ်။ နောက်ပြီးတော့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေ ဒီလိုမျိုး ဦးစားပေးအလိုက် ကူညီရေး၊ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ကြပါတယ်။ လာတော့လည်း ပထမဆုံးရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့လာတယ်။ ပြီးတော့ စစ်တွေကနေ ရသေ့တောင်ကို အမြန်ရေယာဉ်နဲ့သွားကြရတယ်။ စစ်တွေကိုရောက်တော့ မိုးကလည်းရွာ၊ အဆောက်အဦတွေကလည်း အမိုးတွေလန်ဆိုတော့ ရောက်ရောက်ချင်းတော့ နေရတာအခက်အခဲဖြစ်ပါတယ်။ ရသေ့တောင်ကို ရောက်သွားတဲ့အခါမှာ သီးခြားအခက်အခဲတော့ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါမှာလည်း မြို့လူထုတွေ၊ ဒေသခံပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာ အားပေးထောက်ခံမှုရှိသလို ကျွန်တော်တို့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း အအေးတွေတိုက်ကြတာ၊ ရေသန့်တွေ ဖြန့်ဝေပေးကြတာတွေ ကူညီဆောင်ရွက်ပေးမှုတွေရှိပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရရှိခဲ့ပါတယ်။ ပြည်သူလူထုကလည်း ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့လာရောက်တဲ့အခါမှာ ကျေးဇူးတင်ပြီးတော့ ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရရှိခဲ့ပါတယ်။
မေး။ ရသေ့တောင်မြို့နယ်မှာ ဆရာတို့အနေနဲ့ ဘယ်နှစ်ရက်လောက် ကူညီကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးတွေကို လုပ်ဆောင်ခဲ့ရပါလဲခင်ဗျာ။
ဖြေ။ ကျွန်တော်တို့ ရသေ့တောင်မြို့နယ်မှာ မေလ ၁၈ ရက်နေ့ကနေ ၂၇ နေ့ထိ ၉ ရက်လောက်ရှင်းလင်းခဲ့ရပါတယ်ခင်ဗျာ၊ အခုတော့ စစ်တွေမြို့မှာလာရောက်ပူးပေါင်း ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။
မေး။ စစ်တွေမြို့နဲ့ ရသေ့တောင်မြို့ရဲ့ ထိခိုက်ပျက်စီးမှုနဲ့ ကူညီရှင်းလင်းရေးဆောင်ရွက်ရာမှာ ဘယ်လိုကွာခြားမှုတွေရှိပါသလဲ ဆရာ။
ဖြေ။ ပျက်စီးဆုံးရှုံးမှုနဲ့ကြည့်မေဆိုရင်တော့ ရသေ့တောင်မြို့က ပိုပြီးတော့ များပါတယ်၊ ဒါဘယ်မဲ့ စစ်တွေမြို့က မြို့ကြီးဖြစ်တဲ့အတွက် ရှင်းလင်းရေးလုပ်ငန်းတွေမှာတော့ ပိုမိုပြီးအချိန်ယူကာ လုပ်ရပါတယ်။ စစ်တွေမြို့မှာတော့ ကျွန်တော်တို့က နည်းပညာတက္ကသိုလ်၊ ဝန်ကြီးများအိမ်ရာနဲ့ ကမ်းနားလမ်းတစ်လျောက် ဒီလိုမျိုးနေရာတွေကို လုပ်ဆောင်ရတဲ့အတွက် ပြည်သူတွေနဲ့တော့ ထိတွေ့တာတွေမရှိပါဘူး။ စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာတော့ မြို့ပေါ်က လူမှုရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
မေး။ ဆရာအနေနဲ့ ဆရာတို့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ ဖြည့်စွက်ပြောစရာ လေးတွေရှိရင် ပြောကြားပေးပါဆရာ။
ဖြေ။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ဒီအရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအတွက် ကျွန်တော်တို့တိုင်းဒေသကြီးမှာဆိုရင်လည်း တစ်မြို့နယ်ကို တပ်စုတစ်စု၊ တိုင်းအဆင့်ဆိုရင် တပ်ခွဲတစ်ခွဲနဲ့စုဖွဲ့ထားပါတယ်။ ဒီလိုစုဖွဲ့ထားတဲ့အတွက် ကျွန်တော်တို့အမြဲတမ်းလေ့ကျင့်တာတွေ၊ ကြိုတင်ပြင်ဆင်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာ မိုခါမုန်တိုင်းမဖြစ်ခင်ကတည်းက ကျွန်တော်တို့က ကြိုတင်စုဖွဲ့ထားပြီး ဖြစ်ပြီသွားရမယ် ဆိုရင်လည်း ချက်ချင်း လူ၊ ပစ္စည်း၊ ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းတွေနဲ့စုဖွဲ့ပြီး လာရောက်တာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ အနေနဲ့ကတော့ သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်၊ မီးဘေးအန္တရာယ်ပဲဖြစ်ဖြစ် အားလုံးစုဖွဲ့ပြီးတော့ ပြည်သူတွေအတွက် အသင့်ရှိနေပါတယ် လို့ပြောကြား လိုပါတယ်။
ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံ၊ တွေ့ဆုံမေးမြန်း- တင်ထွန်း(ပြန်/ဆက်)