မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း၊ ကရင်ပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ၊


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 26, 2023


ဘားအံ - မေ (၂၆)

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြိုနယ်ကို သဘာဝဘေးဒဏ်သင့်ဒေသများအဖြစ် ထုတ်ပြန်ကြေငြာထားပြီး ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စာနာထောက်ထားသောအားဖြင့် တတ်နိုင်သရွေ့လက်လှမ်းမီသမျှ စေတနာရှင်အလှူရှင်များကိုဖိတ်ခေါ်၍ ယနေ့အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ သဘာဝ ဘေးဒဏ်သင့်ခဲ့သည့်ဒေသများအား ယခင်မူလအတိုင်းပြန်လည်နေထိုင်လည်ပတ်နိုင်ရေး တတ်စွမ်းသမျှကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်းတစ်ထောင့်ခြောက်ရာငါးဆယ်အား မေလ ၂၀ ရက်နေ့က ရန်ကုန် တိုင်းစစ်ဌာနချုပ်တွင်ကျင်းပသော အလှူငွေပေးအပ်ပွဲတွင်ကနဦး ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားသို့တက်ရောက်၍ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းပေးကြသူအားလုံးကို ဂုဏ်ယူမှတ်တမ်း တင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင် (၁၆၅) ဦး က ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် စုစုပေါင်းငွေကျပ် ၃၃၃၃၀၆၃၅၀ (သုံးထောင့်သုံးရာသုံးဆယ်သုံးသိန်းခြောက်ထောင်သုံးရာငါးဆယ်)ကိုပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငွေကျပ်သိန်းပေါင်း တစ်ထောင့်ခြောက်ရာငါးဆယ်ကျပ်အား ကနဦး လှူဒါန်းပေးအပ်ထားပြီး ကျန်ရှိသည့် ငွေကျပ်တစ်ထောင့်ခြောက်ရာရှစ်ဆယ့်သုံးသိန်းခြောက်ထောင်သုံးရာငါးဆယ် ကျပ်ကို အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ အမြန်ဆုံးထပ်မံပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းအပ်နှံနေ့အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကလေးများကိုပညာသင်ကြားပေးခြင်းသည် ၎င်းတို့၏ဘဝရှေ့ရေးနှင့်ဂုဏ်သိက္ခာအတွက်ဖြစ်သကဲ့သို့ နိုင်ငံတည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းလည်းဖြစ်ပြီး မည်သို့သောအကြောင်းပြချက်နှင့်မဆို ကလေးသူငယ်များ၏ ပညာသင်ကြားမှုကို အနှောင့်အယှက်၊ အဟန့်အတား မပြုကြရန်၊ ကလေးများ၏ ပညာသင်ကြားမှုကို ဓားစာခံသဖွယ်မပြုလုပ်ကြရန်လိုကြောင်း၊ ကလေးများ၏ပညာ သင်ကြားမှုကိုတားဆီးပိတ်ပင်ခြင်းသည် ကလေးသူငယ်များ၏အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်ပြီး ကလေးတို့၏ အနာဂတ်ခရီးကို ဖျက်ဆီးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ ယနေ့ခေတ်သည်ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာသင် အရွယ်တွင် ပညာကိုတတ်မြောက်အောင်သင်နိုင်ပါမှ နောင်ဆက်လက်ရှင်သန်ရမည့် ဘဝတစ်လျှောက်လုံးတွင် ပညာ ကိုအသုံးချ၍ ဘဝရပ်တည်ရေး၊ အောင်မြင်ရေးတို့အတွက် အာမခံချက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေး ပညာရေးဆိုင်ရာဝန်ထမ်းအားလုံးအတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်၊ ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကျောင်းအပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လူမှုရေးလိုအပ်ချက်ရှိသော ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ လွယ်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် သီဆိုကပြဖျော်ဖြေပေးကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြပြီး ခင်းကျင်းပြသထားသော ကျောင်းဖွင့်အမီပြင်ဆင် လှုပ်ရှားမှုနှင့်ပညာရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် KG တန်းမှ Grade-12 ထိ ကျောင်းအပ်လက်ခံပေးနေမှု၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။