မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident- Vehicle Extrication) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident- Vehicle Extrication) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၏ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident-Vehicle Extrication) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားကြုံတွေ့ရလေ့ရှိသည့် မော်တော်ယာဉ် တိမ်းမှောက်ထိခိုက်မှု ပုံစံတစ်ခုချင်းစီအလိုက် ဖြစ်စဉ်ဖွင့်၍ အသင်းလိုက်ကယ်ဆယ်ခြင်း စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ သင်တန်းသားများအဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရအသင်းနှင့် သင်တန်းသားတပ်ဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆုများချီးမြှင့်ပေးအပ်သည်။

အဆိုပါသင်တန်းကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၌ စက်တင်ဘာ ၂ ရက်မှ ၁၈ ရက်အထိဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၅၂ ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာကာ မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ်များတွင် အချိန်နှင့်တစ်ပြေးညီ ပိုမိုထိရောက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ဆေးရုံ/ ဆေးခန်းများသို့ အချိန်မီပို့ဆောင်နိုင်မည်ဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်