မော်လမြိုင်မြို့၌ ပထမဆုံး အပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ် စတင်ပြေးဆွဲ
မော်လမြိုင်မြို့၌ ပထမဆုံး အပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ် စတင်ပြေးဆွဲ
Ministry of Information/ Naypyitaw / December 29, 2023
ရန်ကုန် ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပထမဆုံး အပန်းဖြေအပျော်စီးသင်္ဘောခရီးစဉ်ကို Harmony River Cruise သင်္ဘောက အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးနေကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
ခရီးစဉ်အနေဖြင့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ထားဝယ်တံတားမှ စတင်ထွက်ခွာကာ သံလွင်မြစ်အတွင်း မောင်းနှင်သွားလာမည်ဖြစ်ပြီး လှပသည့် တောင်တန်း၊ စေတီပုထိုးများ၊ယာခင်းတောများ၊ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများ၊ နေဝင်ချိန်အလှအပများကို ခံစားနိုင်မည်ဖြစ်ပြီး မောင်းနှင်ချိန်မှာ နှစ်နာရီ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ “ ခရီးစဉ်အနေနဲ့ မော်လမြိုင်ကမ်းနားလမ်း ထားဝယ်တံတားကနေ ဘီလူးကျွန်းကိုသွားတဲ့တံတားရယ်၊ မုတ္တမကိုကူးတဲ့ တံတားရယ် အဲဒီအတွင်းမှာပဲ ခုတ်မောင်းသွားမယ်” ဟု ၎င်းက ပြောသည်။
ခရီးစဉ်အတွင်း ဘူဖေးပါဝင်မည်ဖြစ်ကာ လက်မှတ်တစ်စောင်ကို လူကြီးတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှင့် ၁၀နှစ်အောက် ကလေးငယ်များအနေဖြင့် ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဟု သိရကာ unplug- ged အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။ “သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက်လောက်က သံလွင်မြစ်ထဲမှာ စုန်ဆန်ပြီးသွားမယ်၊ ကျန်တဲ့လေးရက်ကတော့ cruise မှာပဲ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ ထည့်သွင်းရောင်းချမှာပါ။ ရှားပါးမှုက တစ်ကြောင်း၊ လာတဲ့ Customer တွေရဲ့အချိန်ရော၊ ငွေရောတန်အောင်ဆောင်ရွက်ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် အဖွဲ့အစည်းများမှ Dinner ၊ Wedding အစီအစဉ်များဆောင်ရွက်လိုပါကလည်း သင်္ဘောကို စင်းလုံးငှားပေးနေကြောင်း ၎င်းကဆိုသည်။ လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် ကမ်းနားလမ်း၊ စစ်ကဲကုန်းရပ် ထားဝယ်တံတား၌ ဝယ်ယူနိုင်ပြီး အွန်လိုင်းမှတစ်ဆင့် ဘိုကင်တင်နိုင်ကြောင်း သိရသည်။
MT
