မြင်းခြံမြို့နယ်၊ ဒါးကျွန်း(တောင်)ကျေးရွာအနီး စိုက်ထူထားသည့် Mytel ဆက်သွယ်ရေးတာဝါတိုင်၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
မြင်းခြံမြို့နယ်၊ ဒါးကျွန်း(တောင်)ကျေးရွာအနီး စိုက်ထူထားသည့် Mytel ဆက်သွယ်ရေးတာဝါတိုင်၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / July 30, 2023
ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိသည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးတာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထုများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဒါးကျွန်း(တောင်)ရွာ၏တောင်ဘက်တွင် စိုက်ထူထားသည့် Mytel ဆက်သွယ်ရေးတာဝါတိုင် (BTS အမျိုးအစား၊ တာဝါတိုင်အမှတ် MDY-0928)၌ တပ်ဆင်ထားသည့် စက်ပစ္စည်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်တွင်တပ်ဆင်ထားသည့် 13KV မီးစက် တစ်လုံး၊ 48 V Battery ၇ လုံး၊ လိုင်းလွှင့်စက် တစ်လုံး၊ ဆိုလာ ၃ ချပ်၊ Battery Cabinet Aircon တစ်လုံး၊ ဝိုင်ယာကြိုးများ(စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၅၀၀ ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ MYTEL တာဝါတိုင်မှ စက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။