မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့နှင့် ခန္တီးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့နှင့် ခန္တီးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


Ministry of Information/ Naypyitaw / July 02, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ယနေ့တွင်လည်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့တွင် ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လာသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။