မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ရုရှားနိုင်ငံသားများ အထူးစိတ်ဝင်စားမှုရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကား
မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ရုရှားနိုင်ငံသားများ အထူးစိတ်ဝင်စားမှုရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကား
Ministry of Hotel & Tourism/ နေပြည်တော် / July 16, 2025

နေပြည်တော် ဇူလိုင် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ “In Siberia-THERE is!” ခေါင်းစဉ်ဖြင့်ကျင်းပသော အစားအစာနှင့်ခရီးသွားပြပွဲတွင်ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသည် ရုရှားနိုင်ငံသားများနှင့် နိုဗိုစီဗစ်မြို့သူမြို့သားများ၏ အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကားခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသို့ လာရောက်ကြသူများသည် မြန်မာ နိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို စိတ်ဝင်တစား မေးမြန်းလေ့လာခဲ့ကြသည်။
ပြခန်းတွင် မြန်မာနိုင်ငံမှပညာတော်သင် ကျောင်းသားများ၊ ကောင်စစ်ဝန်ရုံးမိသားစုများက မြန်မာ့ရိုးရာ သူငယ်တော်အက၊ တစ်ပင်တိုင် မင်းသားအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ မြန်မာ့ ရိုးရာရုပ်သေးအက၊ မြန်မာ့စောင်း၊ မြန်မာ့ရိုးရာခြင်းလုံးတို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသည့် အတွက် နိုဗိုစီဗစ်မြို့သူ မြို့သားများက တစ်ခဲနက်အားပေးကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူ ရုရှားနိုင်ငံသား ပရိသတ်များဖြင့် ပြခန်းသည် အထူးစည်ကားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဝါရင့်စားဖိုမှူးကြီးနှင့် မြန်မာမိသားစုများက မြန်မာ့အစားအစာများကို ချက်ပြုတ်တည်ခင်း ပြသဧည့်ခံခဲ့ရာ ပြပွဲလာရောက်ကြသူများ နှစ်သက်စွာအားပေးခဲ့ကြပြီး တည်ခင်းဧည့်ခံသည့် အစားအစာများထဲမှ မြန်မာ့မုန့်ဟင်းခါးနှင့် လက်ဖက်ကို အထူးနှစ်သက်စွာ အားပေးခဲ့ကြသည့်အပြင် မြန်မာ့ဝိုင်ကိုလည်း စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။
အဆိုပါအစားအစာနှင့် ခရီးသွားပြပွဲကို နိုဗိုစီဗစ်မြို့ အော့မြစ်ဘေးရှိ မီခါရိလော့ဖ်စကားရား ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပသည့် သုံးရက်တာကာလအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းသို့ လာရောက်လည်ပတ်သူ သိန်းဂဏန်းဝန်းကျင်ရှိခဲ့သည်။
ပြပွဲလာရောက်သူများ၏ စိတ်ဝင်စားအားပေးမှုသာမက နိုဗိုစီဗစ်အစားအစာနှင့် ခရီးသွားပြပွဲ ကျင်းပရေးကော်မတီက ပြုလုပ်သည့် အစားအစာ၊ အချက်အပြုတ်၊ အပျော်တမ်းပြိုင်ပွဲ၌လည်း မြန်မာ့ အစားအစာများကို ချက်ပြုတ်ပြသခဲ့ရာ ပြိုင်ပွဲဝင်များအကြား စိတ်ဝင်စားမှုများပြားခဲ့သည်။
ထိုသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများအကြောင်း ပြပွဲသို့လာရောက်သူများထံ တိုက်ရိုက် ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိကာလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပြပွဲလာနိုင်ငံတကာနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းများ၊ ရုရှားနိုင်ငံသားများ အထူးသဖြင့် နိုဗိုစီဗစ်မြို့သူ မြို့သားများထံ မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေမိတ်ဆက်နိုင်ခဲ့သောကြောင့် ရုရှား ခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန် များစွာအထောက်အကူဖြစ်စေခဲ့သည်။
သတင်းစဉ်
Source From: MyanmarAlin