မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြီးမှူး၍ သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြီးမှူး၍ သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်
Ministry of Information/ Naypyitaw / September 21, 2023

ရန်ကုန် စက်တင်ဘာ ၂၀
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိရာ သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၆/၂၀၂၃) ကို စက်တင်ဘာ ၂၀ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က သတင်းမီဒီယာသမားများအနေဖြင့် သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များကိုလိုက်နာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းမီဒီယာကဏ္ဍမှ တာဝန်ကျေပွန်အောင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ်ရပ်တည်နေသည့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာများနှင့် သတင်းလောကသားများအတွက် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ထိန်းကျောင်းပံ့ပိုး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းသည် သတင်းရယူခြင်း၊ အကဲဖြတ်အနက်ကောက်အတည်ပြုခြင်း၊ သတင်းအခြေအမြစ်နှင့် သတင်းဌာနများကို မှန်ကန်စွာဆက်စပ်ကာ သတင်းအမှန်များတည်ဆောက်ခြင်းများနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သောနည်းပြများက ဆွေးနွေးပို့ချပေးမည်ဖြစ်ရာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း၊ သို့ရာတွင် အလုံးစုံပြီးပြည့်စုံစေခြင်းတော့ မရှိနိုင်ပါကြောင်း၊ မှန်ကန်တိကျသောသတင်းများ ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ စီးဆင်းစေနိုင်ရန်အတွက် သင်တန်းအတွေ့အကြုံများကိုအခြေခံ၍ ဆက်လက်ကြိုးပမ်းအားထုတ် သွားကြစေချင်ပါကြောင်း အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ကောင်စီဝင်များနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့်မည်ဖြစ်သည်။
သတင်းစဉ်