မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များအား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / January 31, 2023


နေပြည်တော်၊ ဇန်နဝါရီ (၂၄)
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “ခရီးတို မြို့တွင်း ပြေးဆွဲသည့် လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားရန်” လမ်းညွှန်မှု ပြုခဲ့သဖြင့် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို (၂.၆.၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊ လုပ်ငန်းကော်မတီ(၅)ရပ်ကို (၇.၆.၂၀၂၂)ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ် နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ (၂၆) ခုမှ ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့် အစီအမံအသေးစိတ် များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့မှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ သို့ ပထမအကြိမ် လျှပ်စစ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းလာခဲ့၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ-၁၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် လျှပ်စစ်သုံး ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၊ စံချိန်စံညွှန်းနှင့် လုပ်ထုံး လုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လျှပ်စစ်သုံးယာဉ် နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ် ပစ္စည်းများ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တို့နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဇန်နဝါရီလ(၂၄) ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port )ရှိ RG Logistics Bonded Warehouse တွင် ကနဦး ရှေးပြေးစီမံကိန်း (Pilot Project) အတွက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးယာဉ်များအား ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များပါဝင်သည့်ပူးပေါင်းအဖွဲ့မှ စစ်ဆေးသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
    ရှေးဦးစွာ အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ-၁နှင့် လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများသည် ရွာသာကြီး Dry Port တွင် ရောက်ရှိနေသည့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် (၃၀)စီးနှင့် NPK Motors Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် (၁၀)စီး၊ စုစုပေါင်း (၄၀)စီးအား ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါ ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်၍ယာဉ်များ ထုတ်ယူသည့် လုပ်ငန်းစဉ်ကို ကြည်ရှုစစ်ဆေးခဲ့ပါသည်။
    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသားအဆင့်ဖွဲ့စည်းခဲ့ပြီး၊ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ် သုံးယာဉ်အသုံးပြုမှုအတွက် အခွန်/အခ ကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များဖော်ဆောင် ပေးခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အများသုံး Charging Station များ တည်ဆောက်နိုင်ရေး စီမံချက်များ ချမှတ်ခြင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် အမျိုးသားအဆင့်ဦးဆောင်ကော်မတီ သည် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ” ကို ရေးဆွဲပြုစု ထားပြီး မကြာမီ နိုင်ငံတော်အဆင့် အတည်ပြုထုတ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိပါသည်။
    မူဝါဒကို ကာလတို၊ ကာလလတ်၊ ကာလရှည် အပိုင်းအခြား (၃)ခု ပိုင်းခြား၍ သတ်မှတ် ကာလအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်အနေဖြင့် အားပေးမည့်မက်လုံးနှင့် အခွင့်အရေးများ၊ အချိန်ကာလအလိုက် ပြောင်းလဲဆောင်ရွက် ရမည့် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာစနစ်များ၊ လောင်စာဆီသုံးယာဉ်များ တင်သွင်း ထုတ်လုပ်မှုအပေါ် အခွန်စည်းကြပ်ကန့်သတ်ခြင်း၊ လိုအပ်သော Charging Station အရေအတွက် အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကို ဖွံ့ဖြိုးရေး လမ်းပြ မြေပုံဖြင့် ဖော်ပြထားရှိပြီး၊ လိုအပ်သော အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ စည်းမျဉ်း စည်းကမ်းနှင့် စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းကို ဆက်စပ်ဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
    မူဝါဒ၏မျှော်မှန်းချက်အတိုင်း ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာ အသုံးပြု နိုင်ရေး ကနဦး ရှေးပြေးစီမံကိန်း (Pilot Project) ကာလကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင် ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှ တင်ပြသည့် အဆိုပြုလွှာများကို စိစစ်၍ လျှပ်စစ်သုံးယာဉ် များ တင်သွင်းအသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ အများသုံး Level-3 အဆင့် Charging Station များ တည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီအနေဖြင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုပေးလျက်ရှိပါသည်။
    အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင် ခွင့်ပြု ထားပြီးသည့် ကုမ္ပဏီ (၆)ခုရှိပြီး၊ ၎င်းတို့အနက် Chin Dwin Shan Construction Co., Ltd. မှ လျှပ်စစ်သုံးယာဉ် (၃၀) စီး နှင့် NPK Motors Co., Ltd. မှ လျှပ်စစ်သုံးယာဉ် (၁၀)စီး၊ စုစုပေါင်း (၄၀)စီး စတင် ရောက်ရှိခြင်း ဖြစ်ပါသည်။ ၎င်းယာဉ်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး၊ လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ် ပြေးဆွဲ အသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ပါသည်။ အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံး တက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ(၁၀)စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြု၍ တက္ကစီ(၁၀)စီး ပြေးဆွဲကြမည်ဖြစ်ပါသည်။ 
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့်ဆောင်ရွက်နိုင်စေရန် စက်ရုံ၌တာဝန်ထမ်းဆောင် နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ် အားကောင်းစေရန်၊ နွေးထွေးသည့်ဆက်ဆံရေးစသည့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆက်လက်တိုးပွား စေရန်တို့အတွက် ဝန်ထမ်းများ နှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။