မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ၁၃ မျိုးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ၁၃ မျိုးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးလျက်ရှိ


Ministry of Information/ Naypyitaw / October 15, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ် ယနေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (SEARO) နှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့ (WPRO)၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ Global Alliance for Vaccine Initiatives (Gavi) အဖွဲ့၏ (၂၀၂၆-၂၀၃၀) ခုနှစ်များတွင် ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးကြသည်။

တင်ပြဆွေးနွေး

အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီး H.E Budi Gunadi Sadikin နှင့် Gavi အဖွဲ့မှ Chief Country Delivery Officer, Mr. Thabani Maphosa တို့က အဖွင့်အမှာစကားပြောကြားပြီး Gavi အဖွဲ့မှ တာဝန်ရှိသူများက (၂၀၂၆-၂၀၃၀) (၅) နှစ်တာကာလ ကာကွယ်ဆေးထိုးလုပ်ငန်း မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား အစည်းအဝေးတက်ရောက်လာသည့် ကျန်းမာရေးဝန်ကြီးများထံ တင်ပြဆွေးနွေးကြသည်။

ကာကွယ်ဆေးများ ထောက်ပံ့ပေး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Gavi အဖွဲ့၏ (၂၀၂၆-၂၀၃၀) (၅)နှစ် မဟာဗျူဟာစီမံကိန်းတွင် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ၁၃ မျိုးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကို နိုင်ငံတော်ဘတ်ဂျက်မှ ထောက်ပံ့ပေးလျက်ရှိပြီး ကာကွယ်ဆေးအမျိုးအစားခြောက်မျိုးကို GAVI မှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းကိုလည်း အသက် ၉ နှစ်မှ ၁၀ နှစ်ကြား မိန်းကလေးများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၈၈ ရာခိုင်နှုန်းရရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နှစ်စဉ် အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် နိုင်ငံခြားငွေအမြောက်အမြားကျခံသုံးစွဲပေးလျက်ရှိပြီး GAVI အဖွဲ့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ပေးစေလိုပါကြောင်း၊ ကျန်းမာရေးသတင်းအချက်အလက်များအသုံးပြု၍ ကာကွယ်ဆေးထိုးလုပ်ငန်းများအား တစ်နိုင်ငံလုံးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားပြီး ပါဝင်တက်ရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအစရှိသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကလည်း ၎င်းတို့အမြင်များ၊ အကြံပြုသုံးသပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားသည်။

သတင်းစဉ်