မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျိုင်းတုံအကျဉ်းထောင်၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျိုင်းတုံအကျဉ်းထောင်၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ Yangon / October 02, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၉-၉-၂၀၂၅ ရက်နေ့မှ ၂-၁၀-၂၀၂၅ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ကျိုင်းတုံမြို့မရဲစခန်းအချုပ်ခန်းနှင့် အမျိုးသမီးသက်မွေးအတတ် ပညာသင်ကျောင်း (ကျိုင်းတုံ) တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ/ မရှိနှင့် စပ်လျဉ်းသည့် နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေ အနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေများကို တွေ့ဆုံမေးမြန်းခြင်း၊ အခြေခံ အရေး၊ အဖတ်၊ အတွက် သင်ကြားပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများဖြစ်သည့် ရှမ်း၊ လားဟူ၊ အာခါ ဘာသာစကားများဖြင့်လည်း တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အကျဉ်း သား/သူများအား အကျဉ်းထောင်ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တောင်းခံသူ အကျဉ်းသား (၁) ဦးကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့ ပါသည်။
ဆက်လက်၍ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ယခင်အကြံပြု ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်း လိုက်လံစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေ အုပ်ရေ (၇၀) အုပ်ကို ကော်မရှင်မှ လှူဒါန်း ခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရှမ်းရိုးမဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက် ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့်အရေးဖြစ် သော လွတ်လပ်မှု၊ မျှတမှု ရှိ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။ ထိုသို့စစ်ဆေးရာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ် အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေး ထားမှု အခြေအနေနှင့် အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ ထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွား စုစုပေါင်း (၂၂) ဦးအား နွေးထွေးပျူငှာ စွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (ကျိုင်းတုံ) ကို ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကျန်းမာရေးစောင့်ရှောက် မှုအခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေး နေမှု အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစု စောင့် ရှောက်ပေးမှုအခြေအနေနှင့် အတန်းပညာသင်ယူခွင့် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ အသက်မွေး ဝမ်းကျောင်းအတတ်ပညာများ လေ့ကျင့်သင်ကြားဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု အခြေ အနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်း အတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစု ဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား အချုပ်သား/ အချုပ်သူ များနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်