မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား ဥပဒေအရ အမှုဖွင့်အရေးယူ

မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား ဥပဒေအရ အမှုဖွင့်အရေးယူ


Ministry of Information/ Naypyitaw / August 05, 2022
image_latest


၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်

၁။ မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော်(ခ)သင်ဇာနှင့် နန်းမွေစံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ပါသည်။

၂။ စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လခန့်တွင် လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင်သည့် Mr. Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်း Website ဖြစ်သည့် Exantria Website တွင် အခကြေးငွေရယူ၍ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ ၎င်း Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ရရှိသည့်အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနှင့် Post တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၃။ အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလခန့်တွင် အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Mrs. Kumar ၏ ချိတ်ဆက်ပေးမှုအရ Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စ၍ Mr. Rafal ဦးစီးလုပ်ကိုင်ဖွင့်လှစ်ပေးသည့် Onlyfans Website တွင် လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ Mr. Rafal နှင့် ထပ်မံချိတ်ဆက်ခဲ့ပြီး Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့၍ Post တင်ခဲ့ကြောင်း၊ အဆိုပါ Website မှ ရရှိသည့် အခကြေးငွေများအားPost တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိ ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၄။ စိစစ်ချက်များအရ Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ အခကြေးငွေရယူကာ လူမှုကွန်ရက်၌ ဖော်ပြနေသူများတွင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အပြင် အချို့သော လိင်အသားပေးမော်ဒယ်များလည်း ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၅။ သို့ဖြစ်၍ မြန်မာအမျိုးသမီးများစောင့်ထိန်းလိုက်နာအပ်သော ဟိရိဩတ္တပ္ပတရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်သည့် လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့(၂)ဦးကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃(က)အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့်ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။