မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / September 09, 2025

နေပြည်တော် စက်တင်ဘာ ၈
မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက် အကူပြု နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံသစ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့် ဆင့်ပွားသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက်လည်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအထိကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုသင်တန်းတွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲပေးစက်များတွင် Battery တပ်ဆင်ခြင်း၊ ကိုယ်စားလှယ်လောင်း၊ ပါတီအမည်၊ ပါတီအမှတ်တံဆိပ်ပါ စာရွက်များ ကပ်နှိပ်ခြင်းနှင့် မဲရုံများသို့ စက်များပို့ဆောင်ခြင်း စသည့်လုပ်ငန်းများကို အဆင့်လိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် မြို့နယ်အလိုက် မဲပေးစက်ကို ကြိုတင်ဆောင်ရွက်ရမည့် အဖွဲ့များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည် ဖြစ်သည့်အတွက် အလေးထားမှတ်သားလေ့ကျင့်ကြရန်လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရာတွင် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ နည်းပြဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်