မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၇၁၇ တွဲ ရောင်းချနိုင်ခဲ့

မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၇၁၇ တွဲ ရောင်းချနိုင်ခဲ့


Ministry of Information/ Naypyitaw / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲနဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၇၁၇ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ပြပွဲဒသမနေ့တွင် ရောင်းချမည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲ အမှတ် (၄၄၀၁) မှ (၅၀၈၅) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှု များရရှိနိုင်စေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုကျင်းပသည့် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ၊ အုပ်စု (အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၁၀ နှင့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၁၂ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်