မြန်မာ့ခရီးသွားလုပ်ငန်းသတင်းအချက် အလက်ဖြေကြားမှုစနစ်၊ ခရီးသွားလာမှု ဆိုင်ရာသတင်းအချက်အလက်စနစ်၊ မြန်မာ့ခရီးသွားလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ်များ လွှင့်တင်ခြင်းအခမ်းအနားကျင်းပ

မြန်မာ့ခရီးသွားလုပ်ငန်းသတင်းအချက် အလက်ဖြေကြားမှုစနစ်၊ ခရီးသွားလာမှု ဆိုင်ရာသတင်းအချက်အလက်စနစ်၊ မြန်မာ့ခရီးသွားလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ်များ လွှင့်တင်ခြင်းအခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / March 12, 2026


နေပြည်တော် မတ်လ ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာရပ်များ ကိုအသုံးပြုပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေး၊ ဝန်ဆောင်မှု ကောင်းများပေးနိုင်ရေး၊ ခရီးသွားများသွားလာလည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာ့ခရီးသွားလုပ်ငန်း သတင်းအချက်အလက်ဖြေကြားမှုစနစ်၊ ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၊ မြန်မာ့ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ်များ လွှင့်တင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင် အသင်းများမှ ဥက္ကဌများ၊ တာဝန်ယူဆောင်ရွက်သော နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့လွှင့်တင်သော စနစ်များအကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်အစိုးရမှ ရေးဆွဲချမှတ် ထားသော Myanmar E-Governance Master Plan ပါအဓိကရည်ရွယ်ချက်များဖြစ်သည့် နိုင်ငံသားများနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများ စွမ်းဆောင်ရည် ပိုမို တိုးတက်မြင့်မားလာစေရန်၊ ပြည်သူ့ဝန်ဆောင်မှု များကို ထိရောက်စွာပေးအပ်နိုင်ရေးအတွက် Digital Government အား ဦးတည်ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများ နိုင်ငံတစ်ဝန်းလက်လှမ်းမီမှုကို မြှင့်တင်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် လူမှုစီးပွားဘဝကိုမြှင့်တင်ပေးရန်၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ဆိုသည့်အချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့စနစ်များ လွှင့်တင်ခြင်း အစီအစဉ်မှာ ဝန်ကြီးဌာန၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အလွန်အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုစနစ်များကို အများ ပြည်သူမှကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့်တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်စေရေးတို့အတွက် ယနေ့ တက်ရောက်လာကြသူများ အားလုံးဝိုင်းဝန်းလက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြစေလို ပါကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက် စနစ်များလွှင့်တင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စနစ်များအသုံးပြုမှု ပုံစံများကို ရှင်းလင်းဖော်ပြသည့် Video Clip များပြသပြီး တာဝန်ရှိသူများမှ စနစ်များ နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ ရရှိမည့်အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက လွှင့်တင် ထားရှိသောစနစ်များမှ ဝန်ဆောင်မှုပေးမည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား လက်တွေ့စမ်းသပ်ပြသခြင်း ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kye Mon