မွန်တိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

မွန်တိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၈

မွန်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး မင်းထွန်းလွင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မင်္ဂလာပါခင်ဗျာ...

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မွန်တိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး မင်းထွန်းလွင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မွန်တိုးတက်ရေးပါတီရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို တင်ပြသွား မှာ ဖြစ်ပါတယ်။

မွန်တိုးတက်ရေးပါတီဟာ ၂၀၂၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ကရင်ပြည်နယ်အတွင်းမှာ လှုပ်ရှားဆောင်ရွက်တဲ့ မွန်တိုင်းရင်းသားကိုယ်စားပြုပါတီအဖြစ် ဖွဲ့စည်းပြီး မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ မှတ်ပုံတင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ဖွဲ့စည်းစပါတီတစ်ရပ်ဖြစ်တဲ့အလျောက် လာမယ့်ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ မွန်တိုးတက်ရေးပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်လောင်း (၃) ဦးသာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မူဝါဒလုပ်ငန်းစဉ်တွေနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုး သယ်ပိုးနိုင်ခွင့်ရနိုင်ဖို့ရာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ရွေးချယ်အပ်နှင်းမှုက အဓိကအကျဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီရဲ့ ဖြစ်တည်မှုနဲ့ ထားရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒလုပ်ငန်းစဉ်တွေကို မိဘ ပြည်သူတွေသိရှိအောင် အကျဉ်းချုပ်တင်ပြလိုပါတယ်။

မွန်တိုးတက်ရေးပါတီဟာ တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီဖြစ်ပြီး ကရင်ပြည်နယ်အတွင်းမှာသာ လှုပ်ရှားဆောင်ရွက်တဲ့ ပါတီငယ်တစ်ရပ်ဖြစ်ပေမယ့်လည်း စုံလင်ကွဲပြားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီးမှာ ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ့် နိုင်ငံရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်အားဖြည့်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မိဘပြည်သူများနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ

ဒီပစ္စုပ္ပန်ကာလ နိုင်ငံရေးအကျပ်အတည်းတွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ ကျင်းပမယ့်ရွေးကောက်ပွဲအပေါ် ထင်မြင်ချက် ယူဆချက်အမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးရှိနေကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်တိုးတက်ရေးပါတီအနေနဲ့က ကြုံတွေ့ရတဲ့ နိုင်ငံရေးလောကဓံတွေကို နိုင်ငံနဲ့ ပြည်သူလူထုထိခိုက်မှု အနည်းဆုံးဖြစ်အောင် နည်းလမ်းရှာပြီး ရင်ဆိုင်ကျော်လွှားသွားရမှာ ပဲလို့ ယုံကြည်ထားပါတယ်။

မွန်တိုးတက်ရေးပါတီအနေနဲ့ ပါတီရဲ့မူဝါဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် အခြေတည်ခိုင်မာလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားတို့နှင့် ပြည့်စုံသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန်။

ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတည်ဆောက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေးတွင် ပါဝင်ဆောင်ရွက်ရန်။

တိုင်းရင်းသားလူမျိုးစုအားလုံး၏ အစုအဖွဲ့ဆိုင်ရာ ကိုယ်ပိုင်အမှတ်အသားသရုပ်လက္ခဏာများကို အသိအမှတ်ပြုသည့်အပြင် ပြည်သူတစ်ဦးချင်းစီ၏ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝခံစားခွင့်ရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ထောင်ရန်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူ့အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် လွတ်လပ်သော လူမှုဘဝကို ရရှိခံစားနိုင်ကြစေရန်။

အဂတိလိုက်စားမှု ကင်းစင်ပပျောက်ပြီး တရားဥပဒေစိုးမိုးရေး ပီပီပြင်ပြင် ဖြစ်ထွန်းခိုင်မာလာစေရန် စတဲ့ရည်မှန်းချက်ကို ရောက်ရှိနိုင်ဖို့ ဦးလည်မသုန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မွန်တိုးတက်ရေးပါတီဟာ ပြည်နယ်အတွင်းမှာ လှုပ်ရှားဆောင်ရွက်တဲ့ ပါတီတစ်ရပ်ဖြစ်ပေမယ့် ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးကို အာရုံစိုက်ပြီး အားလုံးနဲ့ သဟဇာတဖြစ်မယ့် မူဝါဒလုပ်ငန်းစဉ်တွေ ရေးဆွဲအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ မဲဆန္ဒရှင်ပြည်သူတွေအကျိုးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖော်ဆောင်ရေး၊ တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးစတဲ့အချက်တွေကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အထူးသဖြင့် မွန်တိုးတက်ရေးပါတီဟာ တိုင်းရင်းသားပါတီဖြစ်တဲ့အလျောက် တိုင်းရင်းသားကဏ္ဍအနေနဲ့ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို အားပေးမြှင့်တင်နိုင်ဖို့ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ မွန်တိုးတက်ရေးပါတီဟာ မြန်မာပြည် တစ်နံတစ်လျားမှာ နေထိုင်ကြတဲ့ မွန်လူမျိုးတွေနဲ့တကွ တိုင်းရင်းသားပြည်သူအားလုံးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားသွေးချင်းညီနောင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး အထက်ကတင်ပြခဲ့တဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနှင့်အတူ ဆိုင်ရာဆိုင်ရာအင်အားစုတွေနဲ့ အစဉ်တစိုက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်ရရှိသည်ဖြစ်စေ မွန်တိုးတက်ရေးပါတီအနေနဲ့ ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေအတိုင်း ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုးကို ဆက်လက် သယ်ပိုးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေရှိနေပါစေ၊ မိဘပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ကောင်းကျိုးအတွက် အစွမ်းရှိသမျှ သယ်ပိုးသွားမှာဖြစ်တဲ့အတွက် မွန်တိုးတက်ရေးပါတီကို အားပေးကြပါလို့ တိုက်တွန်းရင်း မိဘပြည်သူအပေါင်း လိုရာဆန္ဒပြည့်ဝကြရပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျွန်တော့်ရဲ့ တင်ပြချက်ကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...။

HOT NEWS
January 4,