မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / December 16, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်ဟောင်း၌ အမှတ်(၇၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမှ ဘီးလင်းဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာနေ သက်ဇော်(၃၄)နှစ် မောင်းနှင်လာသည့် YGN/RLG-XXXX HONDA FIT မော်တော်ယာဉ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ်(၂) ရပ် ကွက်နေ ငြိမ်းချမ်း(၂၉)နှစ် မောင်းနှင်လာသည့် AYY-11/RLG-XXXX HONDA FIT SHUTTLE မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဇော် အား ဘီးလင်းမြို့မရဲစခန်း (ပ)၃၇၂/၂၀၂၅၊ ငြိမ်းချမ်း အား ဘီးလင်းမြို့မရဲစခန်း (ပ) ၃၇၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်း ရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ မုံရွာဘက်သို့ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးရပ် ကွက်နေ ဇင်မင်းခန့်(၂၈)နှစ် မောင်းနှင်လာသည့် MDY-10/RLG-XXXX NISSAN AD VAN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော် ယာဉ်နှင့်ပတ် သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇင်မင်းခန့် အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၆၀၆/၂၀၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

     ထို့အတူ ည ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် စည်ပင်သာရပ်ကွက်၊ 123 Mini Mart အနီးအရောက်၌ မြို့မရပ်ကွက်နေ ဟိန်းထက်ဇော်(၂၅)နှစ် မောင်းနှင်လာသည့် MDY-16/6H-XXXX  HONDA CRV မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဟိန်းထက်ဇော် အား ဂန့်ဂေါမြို့မရဲစခန်း (ပ)၃၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။