မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကရမက်နှင့် တောင်တန်ကြီးများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကရမက်နှင့် တောင်တန်ကြီးများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 23, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကရမက်နှင့် တောင်တန်ကြီးများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာအနီး ပငလုံခြုံရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရေးမြို့မှ သံဖြူဇရပ်မြို့ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကသဲစု ရပ်ကွက်နေ ဝင်းလှိုင်(၅၂)နှစ် မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကြက်ဆယ်ကျေးရွာနေ မျိုးဝင်း(၄၅) နှစ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်နေ ဒေါ်ခင်သီတာထွန်း(၅၀)နှစ်တို့ လိုက်ပါလာသည့် MYD-13/3M-XXXX ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ကရမက် ၄,၀၀၀ ပိဿာ(တန်ဖိုး ၁၆,၀၀၀,၀၀၀ ကျပ်)နှင့် တောင်တန်ကြီး ၃,၁၀၀ ပိဿာ(တန်ဖိုး ၄,၆၅၀,၀၀၀ ကျပ်)တို့အား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးဖမ်းဆီးရမိခဲ့သဖြင့် ဝင်းလှိုင်ပါ သုံးဦးအား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၂၃၈/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၃၉(က)/၄၀(က)(၇) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
