မှော်ဘီမြို့နယ်၌ ကျေးလက်နေပြည်သူများအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
မှော်ဘီမြို့နယ်၌ ကျေးလက်နေပြည်သူများအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Ministry of Cooperatives and Rural Development/ Naypyitaw / February 17, 2025

မှော်ဘီ ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ဝါးနက်ချောင်း-သရက်သုံးပင်-ရွှေပြည်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းမှာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး/ငွေရင်း ရန်ပုံငွေဖြင့် အရှည် ပေ ၅၂၈၀၊ ဒု ခုနစ်လက်မ၊ အကျယ် ၁၂ ပေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၂၇ သန်းဖြင့် ARKHITEKTON ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းလမ်းသည် ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ဝါးပတောကျေးရွာအုပ်စုနှင့် အင်ကြင်းကုန်းကျေးရွာအုပ်စုတို့၏ ကျေးရွာသူ ကျေးရွာသားများ အထူးအသုံးပြုသော လမ်းဖြစ်ပြီး စာသင်ကျောင်း ကိုးကျောင်း၊ ပြည်သူ့ကျန်းမာရေးဆေးပေးခန်း နှစ်ခု၊ တိုက်နယ်ဆေးရုံ တစ်ရုံ တည်ရှိပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၂၀၃၈ အိမ်၊ အိမ်ထောင်စု ၂၂၃၀ နှင့်လူဦးရေ ၇၉၁၆ ဦးအား အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ (မှော်ဘီ)

