ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်


Ministry of Information/ Naypyitaw / December 03, 2023
image_latest


မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများတွင် တွေ့ရှိခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စာပေ၊ ယဉ်ကျေးမှု အထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်ယဉ်ကျေးမှု အထောက်အထားများအရ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် နိုင်ငံဖြစ်သည်။ ဘာသာစကားဆိုင်ရာ ဂုဏ်မြောက်မှုများ၊ တန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုများ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များဖြင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုဂုဏ်ဒြပ်များကို ခိုင်ခိုင်မာမာတည်ဆောက်ထားသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖြစ်ထွန်းခဲ့သည့် ဒြပ်ရှိ/ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များအနက် အစောဆုံးဒြပ်ရှိယဉ်ကျေးမှုများ ထွန်းကားခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့နှင့် ရှေးဟောင်းပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ရှေးဟောင်းမြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဒေသ ၄၈ ခုရှိပြီး ယင်းဒေသများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်ကြသော နိုင်ငံဖြစ်သည်နှင့်အညီ ဒေသအသီးသီးတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များလည်း ထောင်ပေါင်းများစွာရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာစကားများ၊ ပုံပြင်ဇာတ်လမ်းများ၊ ရိုးရာလက်မှုပညာရပ်များ၊ ဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များစသည်ဖြင့် အမြောက်အမြားရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၂၈၉ ခု သတ်မှတ်ထားပြီး ဆက်လက်ရှာဖွေဖော်ထုတ်ကြလျှင်လည်း ထပ်မံတွေ့ရှိဦးမည်ဖြစ်သည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံစုစုပေါင်း ၃၈၃၇ ခုကို ယနေ့ထက်တိုင် မပျောက်ပျက်ဘဲ တစ်နေရာတည်းတွင် တစုတဝေးတည်းတွေ့ရှိနိုင်သည်။ မြန်မာတစ်မျိုးသားလုံး၏ တန်ဖိုးမဖြတ်နိုင်သည့် တစ်ခုတည်းသောဒေသဖြစ်သကဲ့သို့ အဆိုပါယဉ်ကျေးမှု အမွေအနှစ်များကြောင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် ထိုက်ထိုက်တန်တန် သတ်မှတ်ခြင်းခံထားရသည်။ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များသည် ကာလရှည်ကြာလာသည်နှင့်အမျှ လူသတ္တဝါများ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်တို့ကြောင့် ပျက်စီးယိုယွင်း ပျောက်ပျက်မှုများရှိနိုင်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း လူတို့က ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းမရှိပါက ပျောက်ပျက်သွားနိုင်သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “မိမိတို့၏မူပိုင် အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုလျော့နည်းပြီး အမျိုးသားရေးအားမာန် ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်လည်း အမျိုးသားရေးစိတ်ဓာတ်ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း” မှာကြားထားသည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခြင်းဖြင့် ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သလို ပြည်သူများကလည်း မိမိတို့၏ဘိုးဘွားဘီဘင်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားတတ်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြမည်ဟူသော အသိစိတ်ဓာတ်များ ပြန့်ပွားကိန်းအောင်းနေရန် လိုအပ်ပါသည်။ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များကို စောင့်ရှောက်ထိန်းသိမ်းလိုစိတ်မရှိဘဲ ဖြစ်ချင်ရာ၊ လုပ်ချင်ရာလုပ်ကိုင်နေထိုင်ကြမည်ဆိုပါက မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ကိုယ်ပိုင်ယဉ်ကျေးမှုများ တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားပြီး မိမိနိုင်ငံ၊ မိမိလူမျိုးကိုပင် ကာကွယ်စောင့်ရှောက်လိုစိတ်မရှိဘဲ ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ တစုတစည်းတည်း စုစည်းနေထိုင်သောနိုင်ငံဖြစ်ပြီး ရှေးနှစ်ပေါင်းထောင်ချီကတည်းက ဖြစ်ထွန်းလာခဲ့သော ဒြပ်မဲ့ စာပေ၊ ဂီတအနုသုခုမပညာရပ်များ၊ ဒြပ်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကြောင့် မြန်မာလူမျိုးများသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ဝင့်ထည်ခဲ့သည်ကို အထင်အရှားထုတ်ဖော်ပြသနိုင်ခဲ့ပြီးဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဂုဏ်ရှိန် ထာဝရတည်တံ့ခိုင်မြဲနေအောင် ဝိုင်းဝန်းကာကွယ်ကြရမည်ဖြစ်ပါကြောင်း။          ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)

HOT NEWS
January 4,