ယာဉ်မတော်တဆမှု ကျဆင်းမှ ထိခိုက်အသက်ဆုံးရှုံးမှု ကျဆင်းမည်

ယာဉ်မတော်တဆမှု ကျဆင်းမှ ထိခိုက်အသက်ဆုံးရှုံးမှု ကျဆင်းမည်


Ministry of Information/ Naypyitaw / September 14, 2022
image_latest


တစ်ကမ္ဘာလုံးတွင် ယာဉ်မတော်တဆဖြစ်ရပ်များကြောင့် တစ်နှစ်လျှင် ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် သေဆုံးပြီး သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းသည် အာဖရိကနှင့် အရှေ့တောင်အာရှတွင် အများဆုံးဖြစ် သည်ဟုလည်း ဆိုသည်။ အရှေ့တောင်အာရှတွင်မူ မြန်မာနိုင်ငံသည် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်နေသည်။

ယခုနှစ်အဖို့ မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနစ်လတာအတွင်း ယာဉ်တိုက်မှုပေါင်း ၃၅၀၀ ကျော်၊ သေဆုံးသူ ၁၇၀၀ ကျော် ရှိနေပြီး ၄၈၀၀ ခန့် ဒဏ်ရာရထားသည်။ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူ ၄၀၀၀ ကျော် ၅၀၀၀ နီးပါး အသက်ဆုံးရှုံးလျက်ရှိရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးသည် လူတိုင်းပါဝင် အလေးအနက် ဆောင်ရွက်ကြမည့် အမျိုးသားရေးပင်ဖြစ်သည်။

“ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ ကိုယ်စီလိုက်နာ ထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုလျှင်၊ အသုံးပြုသည့်ကားများ၏ ကြံ့ခိုင်မှုကောင်းမွန်နေမည်ဆိုလျှင်၊ လမ်းများလည်း လုံခြုံစိတ်ချရမှု ရှိနေမည်ဆိုလျှင်၊ လမ်းအသုံးပြုသူအားလုံး စည်းကမ်းလိုက်နာကြမည်ဆိုလျှင် စသည်ဖြင့် အဘက်ဘက်က ဟန်ချက်ညီလာသည့် တစ်နေ့တွင် ယနေ့ Road Safety ဆိုင်ရာ မျှော်မှန်းချက် ဖြစ်သည့် “Towards Zero Together” ဆိုသည့် Vision သည် အမှန်တကယ်ဖြစ်လာရမည် ဖြစ်ကြောင်း” အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ရာ လူ့ပယောဂကြောင့် ပေါ်ပေါက်လာရသည့် ယာဉ်မတော်တဆမှုများကို လူတို့၏ လိုက်နာထိန်းသိမ်းမှု၊ လူတို့၏ကြိုးပမ်းအားထုတ်မှု ဖြင့်သာ လျော့နည်းကျဆင်းစေနိုင်မည် ဖြစ်သည်။

ယခုအခါ ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု ဒုတိယဆယ်စုနှစ်အတွက် Myanmar National Road Safty Action Plan (2021-2030) ကို ရေးဆွဲအတည်ပြု ထုတ်ပြန်ထားပြီး ရည်မှန်းချက်များ၊ လုပ်ငန်းအစီအမံများနှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်ကို အခြေခံနှစ် အဖြစ်ထားကာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို လာမည့် ရှစ်နှစ်တာကာလ ၂၀၃၀ ပြည့်နှစ်တွင် ထက်ဝက်သို့ ရောက်ရှိ ကျဆင်းသွားစေရန် ရည်မှန်းထားရာ နှစ်အလိုက် လျော့နည်းကျဆင်းသွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုသည်။

ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းကျဆင်းရေး ဆောင်ရွက်ရာတွင် နိုင်ငံရှိ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စီးရေ၏ ထက်ဝက်ခန့် ရှိနေသော ရန်ကုန်တိုင်းဒေသကြီးနှင့် နှစ်စဉ်ယာဉ်မတော်တဆ ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးများတွင် အဓိကစူးစိုက် ကြိုးပမ်းသွားရမည်ဖြစ်ပြီး ယာဉ်အသုံးပြုသူအားလုံး၊ လမ်းအသုံး ပြုသူအားလုံးက စည်းကမ်းလိုက်နာ၊ ဆင်ခြင်တုံတရား ပြည့်ဝစွာ မောင်းနှင်သုံးစွဲကြခြင်းဖြင့် ထိခိုက်မှုအန္တရာယ်၊ အသက်အန္တရာယ်ကို ကာကွယ်နိုင်ကြပါစေကြောင်း။ ။