ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 30, 2023
image_latest


နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ တိုးချဲ့ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်သို့ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ အလယ်ချောင်းကျေး ရွာအုပ်စု၊ အခြေခံမူလတန်း(လွန်)ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ခြင်းများ၊ မီးရထားဆိပ်ကမ်းရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာ၏ ဂိုဒေါင်နှင့် ဆိပ်ကမ်းများတွင် ထောက်ပံ့ပစ္စည်းများရောက်ရှိပါက ထားရှိနိုင်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများနှင့်အတူ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ ထရန်စမော်မာများပျက်စီးခြင်း၊ ဓာတ်ကြိုးများပြုတ်ကျခြင်း၊ သစ်ပင်များကျိုးကျ၍ လမ်းများပိတ်နေခြင်းများကို ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဝန်ထမ်းများအား  ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,