ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေ၊ အဆောက်အအုံ၊ အခြားပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေ၊ အဆောက်အအုံ၊ အခြားပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / May 08, 2026
image_latest


နေပြည်တော် မေ ၇

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်(၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

ညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပိုမိုပွင့်လင်းမြင်သာမှုရှိလာ

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည် ငှားရမ်းခွင့်ပြုရာတွင် လုပ်ထုံးလုပ်နည်းများတစ်ပြေးညီဖြစ်စေခြင်းမှတစ်ဆင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရသည့် ဝန်ကြီးဌာနများအချင်းချင်းအကြား လုပ်ထုံးလုပ်နည်းများ ပိုမိုပွင့်လင်း မြင်သာမှုရှိလာစေပြီး ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေမည့်အပြင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအကြား ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့်အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် ဒုတိယဝန်ကြီးက ဌာန သို့မဟုတ် အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများ ငှားရမ်းခွင့်ပြုခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၆) ပါ လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ အဆိုပါလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအပေါ် တွေ့ကြုံရသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်