ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / October 31, 2025
 
နေပြည်တော် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျုံကန်ကျေးရွာအုပ်စု မိုးစပါးစံပြဧက ၁၀၀ စိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက သီးနှံများ၏ ပန်းတိုင် အထွက်နှုန်းရရှိရေးတွင် အရေးကြီးသော မျိုး၊ မြေ၊ ရေ၊ နည်းပညာပေးလုပ်ငန်းများ စီမံဆောင်ရွက်ပေး ရာတွင် မျိုးစေ့ဆိုင်ရာနည်းပညာနှင့်အတူ မြေဆီလွှာဆိုင်ရာ သိစရာများ၊ ရေစီမံခန့်ခွဲမှုသိစရာများကို တစ်ပါတည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မျိုးစေ့ကဏ္ဍတွင် တစ်နိုင်ငံလုံးလိုအပ်ချက်ကို လွှမ်းခြုံနိုင်ရန် ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများအပြင် တောင်သူလယ်သမားများကိုယ်တိုင်က အရည်အသွေးပြည့်မီသော မျိုးစေ့များထုတ်လုပ်သုံးစွဲ နိုင်ကြစေရန် ဌာနပညာရှင်များက မျိုးစေ့နည်းပညာနှင့် တောင်သူ၏အခက်ခဲများကို အတူဖြေရှင်းခြင်း၊ တောင်သူလယ်သမားများ နားလည်အောင် လက်တွေ့နည်းပညာပေးခြင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်းဖွဲ့များ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူလယ်သမားကြီးများ လိုအပ်သော အရည်အသွေးကောင်းမျိုးစေ့များ လုံလောက်စွာရရှိသုံးစွဲနိုင်ရေးအတွက်၊ ကိုယ့်အားကိုယ်ကိုး စိုက်ပျိုးထုတ်လုပ်နိုင်မှသာ ရေရှည်တည်တံ့မည်ဖြစ်ကြောင်း၊ စပါးအပြီး ပဲတီ စိမ်းစိုက်ပျိုးရန်အတွက် ကောက်ရိုးနှင့် ရိုးပြတ်များကို စက်အားသုံး၍ စနစ်တကျဖယ်ရှားခြင်း၊ မီးမရှို့ဘဲသဘာဝမြေဆွေးပြုလုပ်သုံးစွဲခြင်း၊ အချိန်အခါမဟုတ် မိုးကိုကာကွယ်ရန် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ပြီး ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်သူများနှင့်အတူ တောင်သူ ဦးဝင်းမြင့်၏ ကွင်းအမှတ် (၆၃၈ B) ဦးပိုင်အမှတ် (၃၄) တွင် ပေါင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အကွက်အကျယ် စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။ အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် အစိုအထွက်နှုန်း ၁၂၇ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။
သတင်းစဉ်
 
                             
                                
