ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / November 23, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)လမ်းမကြီး ဘုရင့်နောင်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီး ကျေးရွာနေ ကျော်ဌေးဦး(၂၅)နှစ် မောင်းနှင်ပြီး အထည်ချုပ်စက်ရုံဝန်ထမ်းများ လိုက်ပါလာသည့် YGN-6/7L-XXXX MITSUBISHI CANTER မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးရှိ အုတ်ခုံအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်နေ မသက်သက်လှိုင်(၁၈)နှစ်၊ အမှတ်(၁၈)ရပ်ကွက်နေ မဘုမချေ(၂၂)နှစ်နှင့် အမှတ်(၁၉)ရပ်ကွက်နေ မရွှေရည်ဝင်း(၂၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ကျော်ဌေးဦး အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၄၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
