ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်ပေးသူများအား လိမ်လည်ချိန်းဆိုကာ အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသား လဲလှယ်ပေးသူများအား လိမ်လည်ချိန်းဆိုကာ အုပ်စုဖွဲ့၍ လုယက်မှုကျူးလွန်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / January 28, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် “kaung Wai Yan ’’ အမည်ဖြင့် လူမှုကွန်ယက်စာ မျက်နှာ၌ ဘဏ်အကောင့်အတွင်းရှိ ငွေနှင့်ငွေသား လဲလှယ်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိ ရသဖြင့် မရမ်းကုန်းမြို့နယ်၊ တော်ဝင်အိမ်ရာ၊ တိုက်(H) နေ ဦးအောင်ခန့်ဖြိုးနှင့် ဒေါ်မျိုးသန္တာညွန့် တို့ နှစ်ဦးသည် ငွေကျပ် ၅၉၅ သိန်းနှင့်အတူ YGN-3Q/9815 Swift အဖြူရောင်ယာဉ်ဖြင့် ရန်ကင်း မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ ငွေသားလဲလှယ်မည့်သူများအား စောင့်ဆိုင်း နေစဉ် YGN-6D/6839 Mark-II အဖြူရောင်ယာဉ်ဖြင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရောက်ရှိ လာပြီး ၎င်းတို့ နှစ်ဦးကို လက်ထိပ်ခတ်ချုပ်နှောင်ကာ ၎င်းတို့၏ မော်တော်ယာဉ်အတွင်းထည့်သွင်း၍ ငွေကျပ် ၅၉၅ သိန်းနှင့် ဒေါ်မျိုးသန္တာညွန့်၏ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၅၉၈ သိန်းခန့်အား လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်းလာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်သည် ယာဉ်အမှတ်၊ YGN-6D/6839 အစား 9F/1553 အား ပြောင်းလဲတပ်ဆင်၍ အင်းလျားရိပ်သာလမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ထွက်ခွာ သွားကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်လမ်းမကြီး၊ စော်ဘွား ကြီးကုန်း မီးပွိုင့်အနီး၌ ရွှေပြည်သာမြို့နယ်၊ (၃၄/၁၀)ရပ်ကွက်၊ ဖျာပုံလမ်းနေ ဝင်းမင်းသန်း (၄၇)နှစ်၊ (၂၅)ရပ်ကွက်၊ သာဓုကန်ဘုရားလမ်းနေ ချစ်စိုးဦး(၂၅)နှစ်၊ (၂၄)ရပ်ကွက်၊ ကန်ပတ်လမ်းနေ မင်းအောင် (ခ)တင်မင်းအောင်(၃၈)နှစ်နှင့် (၂၄)ရပ်ကွက်၊ ဇေယျသုခ(၁)လမ်းနေ စိုးဝေကျော်(ခ)စိုးစိုး (၂၈)နှစ်တို့ လေးဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် (လိုင်စင်မဲ့) မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ မင်းအောင် (ခ) တင်မင်းအောင်၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်မှ VOLTY အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းတွင် ရွှေပြည်သာ မြို့နယ်၊ (၂၄) ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းနေ ကိုထက်(ခ)ရဲထက်(၄၄)နှစ်နှင့် (၁)ရပ်ကွက်၊ (၄) လမ်းနေ ဝင်းမြင့်ထွန်း(ခ)အသေးလေး(၃၇)နှစ်တို့ နှစ်ဦးအား Kawasaki နှင့် Honda အမျိုးအစား မော်တော်ဆိုင်ကယ် နှစ်စီး၊ ငွေကျပ် ၁,၀၃၂,၀၀၀ နှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃၄/၁၀) ရပ်ကွက်၊ ပုလဲလမ်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၌ လည်းကောင်း၊ အောင်ကျော်ဇော(ခ) ကိုအောင် (၄၄)နှစ်အား စိတ်ကြွရူးသွပ်ဆေးပြား(၆၀)ပြား၊ ငှက်ကြီးတောင်ဓား သုံးချောင်း၊ ငွေကျပ် ၅၉၅,၀၀၀၊ Honda Odyssey အမျိုးအစား (လိုင်စင်မဲ့)မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ (၃၄/၁၀) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ မလိခလမ်းနေ ကျော်သန်း (၃၆) နှစ်နှင့် ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်၊ ချောင်းသာပတ်လမ်းနေ ရဲမင်းကို(ခ)ရဲကြီး(၃၃)နှစ်တို့ နှစ်ဦးအား ငွေ ၁၉,၅၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် တစ်စီး၊ Pajero အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် တစ်စီး တို့နှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်း၊ Triple Three KTV ဆိုင်၌ လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မြို့တော်ဂေါက်ကွင်းအိမ်ရာ၊ တိုက်(၁)နေ သက်ဦး (၃၄)နှစ်အား ငွေ ၄၅,၀၀၀ ကျပ်၊ JETOUR အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ မင်္ဂလာဒုံ မြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ အမှတ်(၃)လမ်း၊ Valentine KTV ဆိုင်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံကျား ၁၀ ဦးအား ငှက်ကြီးတောင်ဓား သုံးချောင်း၊ စိတ်ကြွရူးသွပ် ဆေးပြား ၆၀ ပြား၊ မော်တော်ဆိုင်ကယ် လေးစီး၊ မော်တော်ယာဉ် လေးစီး၊ ငွေစက္ကူရောရာ ၁,၆၉၁,၅၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၈ ရက်တွင် ရန်ကင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်း၌ လုယက်မှုကျူးလွန်ရာတွင် ကိုထက်(ခ)ရဲထက်၊ ဝင်းမြင့်ထွန်း(ခ) အသေးလေး၊ ရဲမင်းကို(ခ)ရဲကြီး၊ ဖမ်းဆီးရန်ကျန် ရွှန်းလဲ့ တို့သည် တရားခံ သက်ဦး မောင်းနှင်သည့် YGN-6D/6839 Mark-II အဖြူရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လည်းကောင်း၊ ကျော်သန်း၊ စိုးဝေကျော်နှင့်ချစ်စိုးဦး တို့သည် ဝင်းမင်းသန်း မောင်းနှင်သည့် YGN-7D/6457 Pajero ခဲရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ကိုဖြိုးနှင့် ဖြိုးလေးတို့သည် မင်းအောင်(ခ) တင်မင်းအောင် မောင်းနှင်သည့် Vitz ခဲရောင်ယာဉ်ပေါ်တွင်လည်းကောင်း အသီးသီးလိုက်ပါလျက် လုယက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ ရခိုင်လေး၊ ဖြိုးလေး၊ ရွှန်းလဲ့တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဘဏ်အကောင့် အတွင်းရှိငွေနှင့် ငွေသားလဲလှယ်သူများအား လိမ်လည်ချိန်းဆိုခေါ်ယူကာအုပ်စုဖွဲ့ လုယက်မှု (၈) ကြိမ်ကျူးလွန်ခဲ့ကြောင်း နှင့် ကျူးလွန်ခဲ့မှုများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း၌ ငွေကျပ် ၄၂၀ သိန်းကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အင်းစိန်မြို့နယ်၊ သံမဏိ စက်ရုံလမ်း၌ ငွေကျပ် ၁၁၀ သိန်းကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ MCC ခန်းမအနီး၌ ငွေကျပ် ၄၇၀ သိန်းကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်း ၌ ငွေကျပ် ၅၆,၄၆၀,၀၀၀ သိန်းကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်း၌ ငွေကျပ် ၇၀၀ သိန်းကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပဂေါက်ကွင်းအနီး ဂန္ဓမာလမ်း၌ ငွေကျပ် ၁၂၀ သိန်းကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ်(၄) ရပ်ကွက်၊ စိန်စီ(၂)လမ်း၌ ငွေကျပ် ၆၀၀ သိန်းကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်း၌ ငွေကျပ်၅၉၈ သိန်းကို လည်းကောင်း အသီးသီးလုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်ဦးနှင့် ကျော်သန်းတို့သည် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ငွေလဲလှယ်မည့်သူများအား လိမ်လည်ချိတ်ဆက်ခေါ်ယူပေးခဲ့ပြီး ကျန်တရားခံများမှ ငွေလုယူသူများအဖြစ် လည်းကောင်း၊ စောင့်ကြည့်ပေးသူများအဖြစ်လည်းကောင်း ပြစ်မှုကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘဏ်အကောင့်အတွင်းရှိ ငွေနှင့် ငွေသားလဲလှယ်ပေးသူများကိုလိမ်လည်ချိန်းဆိုကာ လုယက်မှုကျူးလွန်ခဲသည့် တရားခံများအား ဖမ်းဆီးရမိမှု
ရွှေပြည်သာမြို့နယ်၊ အမှတ် (၃၄/၁၀) ရပ်ကွက် အမှတ် (၁၃၇၂) နေ တရားခံ အောင်ကျော်ဇော (ခ) ကိုအောင် ထံမှ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မြို့တော်ဂေါက်ကွင်းအိမ်ရာ တိုက် (၁) အခန်း (၈) နေတရားခံ သက်ဦးထံမှ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ
ရန်ကင်းမြို့နယ် မင်းရဲကျော်စွာလမ်း၌ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ