ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန်လျာထားသုံးခွမြို့နယ်၌ ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန်လျာထားသုံးခွမြို့နယ်၌ ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုး


Ministry of Information/ Naypyitaw / June 19, 2024
image_latest


ရန်ကုန် ဇွန် ၁၈

နိုင်ငံတော်က စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုး ရန်လျာထားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် သုံးခွမြိုနယ်တွင် ၁၅၃၆၆၇ ဧကဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးဧက ၁၁၄၅၀၀၀ လျာထားမှုအပေါ် ခရိုင် ပေါင်း ကိုးခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်၌ မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေကြီးအတွင်း ဒုတိယဧကအများဆုံး မိုးစပါးစိုက်ပျိုးသော တိုက်ကြီးမြို့နယ်၌ ၁၂၇၈၉၃ ဧကနှင့် တတိယအများဆုံးစိုက်ပျိုးသော ခရမ်းမြို့နယ်၌ ၁၁၀၆၉၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

အများဆုံး စိုက်ပျိုးလျက်ရှိ

နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် စက်မှုကဏ္ဍသာမက စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုလည်း အရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်လာရာ တစ်နှစ်ထက်တစ်နှစ် စပါးစိုက်ပျိုးမှုကဏ္ဍ တိုးတက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ပေါ်ဆန်း၊ ငစိန်၊ ငကျွဲ၊ ရွှေဝါထွန်း၊ ဆင်းသုခ၊ ရက် ၉၀၊ ရာကျော်၊ မှော်ဘီ-၃၊ မှော်ဘီ-၂၊ မီးဒုံး စသည့်မျိုးစပါးများကို စိုက်ပျိုးလျက်ရှိကာ ထိုမျိုးအုပ်စုတို့တွင် အထွက်ကောင်းမျိုး၊ အရည်အသွေးကောင်းမျိုးနှင့် ဒေသမျိုးဟူ၍ အုပ်စုသုံးခုအား ဒေသနှင့်လိုက်လျောညီထွေသည့် မြေအမျိုးအစားတို့တွင် စိုက်ပျိုးလျက်ရှိရာအများအားဖြင့် သက်တမ်းတို အထွက်ကောင်းမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

အဆိုပါ သက်တမ်းတိုအထွက်ကောင်းမျိုးစပါးများကို သီးထပ်စိုက်ပျိုးနိုင်ရန် ဒုတိယသီးနှံဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း (ပဲမျိုးစုံ)၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် နွေစပါးစိုက်ပျိုးခဲ့ကြသည့် ဧရိယာတို့တွင် အများဆုံးစိုက်ပျိုးကြခြင်းဖြစ်သည်။ မိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ခရိုင်ငါးခရိုင်ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် ကုမ္ပဏီ ၃၀၊ သမအသင်း ခုနစ်ခုနှင့် ဆန်စက်တစ်ခုတို့က ဧက ၉၁၀၅၆ ဧကကို စိုက်ပျိုးဆောင်ရွက်ရန် အဆိုပြုတင်ပြထားရာ လယ်ယာသုံးစက်ကိရိယာများကိုအသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မျိုးစေ့ချကိရိယာအလက် ၂၅၀၀ ကို စက်မှုလယ်ယာဦးစီးဌာနမှမှာယူ၍ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်ပေးလျက်ရှိ

မိုးစပါးလျာထားချက်အောင်မြင်ပြီး တိုးချဲ့စိုက်ပျိုးမှုနှစ်အလိုက် တိုးတက်လာစေရန်နှင့် တစ်ဧကထွက်နှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်‌ရေး၊ အပင်ပြုစုခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ အရည်အသွေးကောင်းမွန်ရေးနှင့် အစားအစာအန္တရာယ်ကင်းရှင်းရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြစ်သည့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်‌ရေးနည်းစနစ်များ၊ ဆွေးနွေးပွဲ၊ သင်တန်းများနှင့် သရုပ်ပြပွဲများကို သီးနှံစိုက်ပျိုးချိန်ကာလအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး